"လူသားများသည် မည်သည့်နေရာမှလာ၍မည်သည့်နေရာသို့ သွားနေကြသနည်း"ဟူသော မေးခွန်းနှစ်ခုသည် ခွဲထုတ်၍မရသော မေးခွန်းများဖြစ်ကြသည် (CCC 282)။ ဤမေးခွန်းများသည် ဘဝ၏အဓိပ္ပာယ်နှင့် သွားရမည့်လားရာကို ညွှန်ပြရာမေးခွန်းများလည်းဖြစ်ပါသည်။
ဘုရား၏ပုံသဏ္ဏာန်တော်အတိုင်း ဖန်ဆင်းခြင်းခံရသည်ဆိုသည် အချက်သည် ဘဝကိုအဓိပ္ပာယ်ပေး၍ သွားရမည့်ပန်းတိုင်းကိုလည်း ညွှန်ပြသည်။ ထို့ကြောင့် အသင်းတော်၏ဖခင်ကြီးများ ဖွင့်ဆိုခဲ့သော အဓိပ္ပာယ်ကို အနည်းငယ်ထောက်ရှုရမည်ဖြစ်ပါသည်။ အထူးသဖြင့် ရှင်ဩဂုတ်စတင်းနှင့် ရဟန်းမင်းကြီး ဘေနေဒစ် (၁၆)တို့၏ ထောက်ရှုချက်များကို ဤအပိုင်းတွင် အဓိကအခြေပြုထားပါသည်။
(၁) ပုံရိပ်ယောင်နှင့်အစစ်အမှန် (Image and Reality)
ကြေးမုံမှန်သားပြင်တွင် မြင်ရသော 'ငါ' သည် 'ငါအစစ်' မဟုတ်ပေ။ 'ငါ' ၏အရိပ်မျှသာဖြစ်သည်။ 'ငါ' အစစ်သည် ကြေးမုံပြင်ပေါ်၌ မည်သည့်အခါမျှ ရှာဖွေ၍ မရနိုင်ပါ။
ငါဆိုသော ငါသည် ကြေးမုံပြင်တည်းဟူသော ဤလောက၌ မတည်ရှိပါ။ ငါဆိုသော ငါသည် ငါ့ထံတွင်လည်း မတည်ရှိပါ။ အခြားတစ်နေရာ (သို့) အခြားတစ်ပါးဆီ၌သာ တည်ရှိပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအရ ပြောရမည်ဆိုလျှင် ငါဆိုသောငါကို သူဆိုသော ဘုရားသခင်၌သ ရှာဖွေရမည်ဖြစ်သည်။
ဤသည်ကား 'ဖန်ဆင်းခြင်း၌' တွေ့ရသော 'ဘုရား၏ ပုံသဏ္ဏာန်တော်' ဆိုသည့် အဓိပ္ပာယ်ပေတည်း။ သူ၏အရိပ်အဖြစ် ကျွန်ပ်တို့ကို ဖန်ဆင်းခဲ့သည်။ ကျန်ုပ်တို့ကိုယ်ကို အမှန်တကယ်ရှာဖွေတွေ့ရှိလိုလျှင် သူ၌သာ ရှာဖွေရတော့မည်။ ငါ့ကို ငါ့အထဲ၌ရှာလျှင် မည်သည့်အခါမျှတွေ့မည်မဟုတ်၊ ငါ့ကို ငါတွေ့ချင်လျှင် ဘုရားသခင်၏အထဲ၌သာ ရှာဖွေရမည်ဖြစ်သည်။
ငါ့ကိုယ်ငါ ရှာဖွေတွေ့ရှိရန်အတွက်နှင့် 'ငါ' အမြဲတည်နေရန်အတွက် 'သူ' (ဘုရား) နှင့် အမြဲတစေ 'အဆက်အသွယ်ပြုလုပ်ရန်' လိုအပ်ပါသည်။ ငါဆိုသော 'ငါ' အမြဲတည်တံ့ရန်အတွက် 'သူ' နှင့် အဆက်အသွယ်အမြဲရှိရန် လိုပါသည်။
ထို့ကြောင့် "ဘုရား၏ ပုံသဏ္ဏာန်တော်" ဆိုသည်မှာ "ဘုရားနှင့်အမြဲအဆက်အသွယ်ပြုရန်" ဟု အဓိပ္ပာယ်ရပါသည်။ ထို့အတူ "လူသည် မည်သူနှင့်မျှ အဆက်အသွယ်မပြုဘဲ မိမိကိုယ်မိမိ ပိတ်လှောင်ထား၍မဖြစ်နိုင်" ဟူ၍လည်း အဓိပ္ပာယ်သက်ရောက်သည်။
"ဘုရားနှင့်အဆက်အသွယ်ပြုရန်"လူကို ဖန်ဆင်းခဲ့ပါသည်။
"တစ်ပါးသူနှင့်လည်း အဆက်အသွယ်ပြုရန်" လူကိုဖန်ဆင်းခဲ့ပါသည်။
လူသည် ဇာတိပကတိအရ 'အခြားတစ်ယောက်' နှင့် အဆက်အသွယ်ပြုမှ သာလျှင် ရှင်သန်ရပ်တည်နိုင်မည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဤသို့ အဆက်အသွယ်ပြုလိုသော ဇာတိသဘောသဘာဝသည် လူကို လှုပ်ရှားရန် အမြဲလှုံ့ဆော်ပေးသောအရာဖြစ်သည်။ ဘုရားသခင်ဆီသို့ရောက်ရှိရန် လှုပ်ရှားမှုကိုဖြစ်စေသောအရာဖြစ်သည်။ ထို့ကြောင့် လူသတ္တဝါသည် အစဉ်အမြဲ ငြိမ်သက်စွာမနေနိုင်သော သဘောသဘဝ ရှိသည်။ ရုပ်ခန္ဓာသည် မရွေ့သော်လည်း စိတ်ဝိညာဉ်မှာ အမြဲတစေ ခရီးပြုလျက်ရှိသည်။
ဤကဲ့သို့ အငြိမ်မနေလိုသော၊ အဆက်အသွယ်ပြုရန် အမြဲလှုပ်ရှားလျက်ရှိသော လူ၏သဘောသဘာဝသည် အထီးကျန်ဖြစ်နေချိန်များ၌ ပို၍နက်ရှိုင်းစွာတွေ့ရှိခံစားကြရပါသည်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလအချိန်၌ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူအများသည် ရောဂါထိန်းချုပ်ကာကွယ်ရန် မိမိတို့နေရာ၌ပင် ပိတ်လှောင်ကာနေထိုင်ခဲ့ကြရသည်။ ဤအချိန်၌အထီးကျန်ဆန်မှုကို မခံစားနိုင်သည့် လူတို့၏သဘောသဘာဝသည် သိသာထင်ရှားစွာ ပေါ်ထွက်လာသည်။ ထို့ကြောင့် လူသည် တစ်စုံတစ်ယောက်နှင့် အမြဲအဆက်အသွယ်ပြုမှသာလျှင်ဖြစ်မည့် ဇာတိပကတိမှာ ထင်ရှားစွာ ပေါ်ထွက်လာသည်။ အချင်းချင်းသော်လည်းကောင်း၊ ဘုရားသခင်နှင့်သော်လည်းကောင်းအဆက်အသွယ်ပြုရန်လိုအပ်ချက်ကို အစဉ်အမြဲယုံကြည်လက်ခံရရန်လိုပါသည်။