မဒေါ့ကုန်းကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာ ကျောင်းကုန်းကျေးရွာမှာ နေထိုင်တဲ့ ဓမ္မဆရာမ ရိုမာနား နော်ခင်ခင်ထွေးဟာ ဓမ္မဆရာမအလုပ်ကို လုပ်ကိုင်လာတာ ၁၀နှစ် ကျော်လာပါပြီ။
သူမဟာ ၁၉၈၅ ခုနှစ်မှာ ရန်ကုန်အင်းစိန် ဓမ္မသင်တန်းကျောင်းမှာ ဓမ္မပညာကို ဆည်းပူးခဲ့သူဖြစ်ပါတယ်။ သင်တန်း ဆင်းသွားတဲ့ အချိန်မှာ ဓမ္မဆရာမအလုပ်ကို တရားဝင် မလုပ်သေးပဲ ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်းမှာရှိတဲ့ လိုအပ်တဲ့နေရာအချို့မှာ တရားဝင်မဟုတ်ပဲ လုပ်အားပေးအဖြစ်နဲ့သာ ဝင်ရောက် ဆက်ကပ်ခဲ့ပါတယ်။
သူမဟာ အရင်က ကက်သလစ်ခရစ်ယာန်တစ်ယောက် မဟုတ်ခဲ့ပဲ အသက်၁၂နှစ်အရွယ်ရောက်မှသာ သူ့စိတ်နဲ့သူ ဘာသာထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ပြီးသွားတဲ့နောက်မှာ သူမကို မဒေါ့ကုန်းသာသနာ ကျောင်းထိုင် ဘုန်းတော်ကြီးက ဓမ္မဆရာမအလုပ်ကို တရားဝင်လုပ်ဖို့ နှစ်ကြိမ် ဖိတ်ခေါ် ခဲ့တဲ့အခါမှာ သူမအနေနဲ့ ဘုန်းတော် ကြီးကို ဘယ်လို့ပြန်ပြောခဲ့လဲဆိုတော့ “တပည့်တော်မက အတန်းပညာ ဘာမှမရှိလို့ ဒီအလုပ်ကို မလုပ်ပါရစေနဲ့လို့” ငြင်းဆိုခဲ့ပါတယ်။
အဲဒီအခါမှာ ဘုန်းတော်ကြီးက “ပညာတတ် ဘွဲ့ရပြီး ဘာမှသုံးစားလို့ မရတဲ့သူတွေ တစ်ပုံကြီးရှိတယ်။ ဘုရားအလုပ်ကိုလုပ်တာ ပညာအရည်အချင်း မလိုပါဘူးလို့” အားပေးခံခဲ့ပြီးတဲ့နောက် သူမဟာ ဓမ္မဆရာမတာဝန်ကို အဲ့အချိန်ကစလို့ တရားဝင် စတင်ထမ်းဆောင်ခဲ့ပါတော့တယ်။
လက်ရှိမှာဘာသာသူတွေအတွက် ဘာတွေလုပ်ဖြစ်လဲလို့ သူ့ကိုမေးကြည့်တဲ့အခါမှာ “အခုလောလောဆယ်တော့ သားသမီးသုံးယောက်ရှိပေမဲ့ချို့တဲ့ကြတဲ့အခါကြတော့ ကြည့်ရှုပေးမဲ့သူမရှိတဲ့ မျက်လုံးမကောင်းတဲ့ ဘာသာသူ အဘိုးကြီးတစ်ယောက်ကို ကျန်းမာရေးစောက်ရှောက်မှုတွေလုပ်ပေးနေတယ်” လို့ ပြောပါတယ်။ မျက်လုံးမကောင်းတဲ့ အဘိုးကို ပုသိမ်မြို့ကိုခေါ်လာပြီး ဆေးခန်းပြပေးတယ်။
အဘိုးကြီးဟာ ဓမ္မဆရာမရဲ့ အပိုင်နယ်ထဲက တဲသုံးလုံး ရွာမှာနေပါတယ်။ အဲ့ဒီရွာက အခြားအသင်းတော်က ခရစ်ယာန်ညီကိုမောင်နှမတွေအများဆုံးနေထိုင်ကြတယ်။ ကက်သလစ်ဘာသာတူဆိုလို့ အခုမျက်လုံးမကောင်းတဲ့ အဘိုးကြီးတစ်ယောက်တည်းပဲရှိတော့တယ်လို့ သိရတယ်။
အဘိုးကြီးရဲ့ သားသမီးတွေက အကုန်ဘာသာပြောင်းကုန်ပြီလည်းပြောပါတယ်။ သူကမွေးရာပါ ခြေထောက် မသန်သူ။ သူ့နာမည်က ဦးကာရင်လို့ ခေါ်ပါတယ်။ သူဟာဆေးခန်း ပြဘို့ အဖော် တစ်ယောက်မှ မရှိဘူး။ ကူညီပြီး လုပ်ပေးမဲ့သူလည်း မရှိတော့ ဓမ္မဆရာမကပဲ ဦးဆောင်ပြီး ဆေးခန်းကို ခေါ်လာပေးခဲ့တယ်။ လိုအပ်တဲ့ အကူအညီ အချိတ်အဆက်များနဲ့လည်း ကူညီပေးတယ်။ သူ့မျက်လုံးခွဲပြီးသွားရင်လည်း သူမအိမ်ကိုပဲ ခေါ်သွားပေးမယ်။ ဘာလို့လဲဆိုတော့ အဘိုးကြီးက သူ့အိမ်မှာ သူတစ်ယောက်တည်းနေ နေရလို့ပဲဖြစ်ပါတယ်။
"မျက်လုံး ခွဲထားတဲ့သူက တစ်ယောက်ထဲ ချက်ပြုတ် စားသောက်ရမှာက အဆင်မပြေလို့ သူ့ကို အိမ်မှာ ခေါ်ထားပြီး သူ့ရဲ့ဝေယျာဝစ္စအားလုံးကို ကျွန်မတို့မိသားစုက အကုန်လုပ်ပေးမှာပါ။ သူ့မျက်လုံး ကောင်းသွားမှ သူ့အိမ်ကို ပြန်ပို့ပေးမှာပါ” လို့ ဆရာမကပြောပါတယ်။
အဘိုးကြီးဟာ ဘာသာတရားမှာ စိတ်အား ထက်သန်တဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ သူ့ရွာက သာသနာဗဟိုနဲ့ ဝေးတော့ သူဘုရားကျောင်း တက်ချင်တဲ့အခါ ကိုယ်တော်မြတ် ပင့်ချင်တဲ့အခါ အပြစ်ဖြေချင်တဲ့ အခါတွေဆိုရင် ဆရာမကပဲ အိမ်မှာရှိတဲ့ လိုင်စင်မရှိတဲ့ ဆိုင်ကယ်လေးနဲ့ လမ်းမှာ လိုင်စင်မစစ် မဖမ်းတဲ့အချိန်မှာ သူ့ကိုသူ့ရွာအထိ ဆရာမရဲ့ အမျိုးသားက သွားခေါ်ပေးရတယ်။
“သူ့ ရွာကလည်းဝေး သူကလည်း အသက်ကြီးတယ်။ လမ်းတစ်လျောက်ကလည်း အရမ်းကြမ်းတော့ ခဏခဏတော့ သွားမခေါ်ဖြစ်ဘူး။ ပွဲနေ့ကြီးတွေမှာပဲ သွားခေါ်ဖြစ်ပါတယ်” လို့ဆိုပါတယ်။
သွားခေါ်ပေးရတဲ့အကြောင်းရင်းကိုလည်း ဆရာမက အခုလိုပြောပြပါတယ်။
“သူ့ရဲ့ဝိညာဉ်ရေးအတွက် ကျွန်မဘက်ကတော့ တတ်နိုင်သလောက်လေး လုပ်ပေးပါတယ်။ ဆေးခန်းလာပြဘို့ကိုလည်း သူကအရမ်းအားငယ်ရှာတာ။ နောက်မှ ကျွန်မတို့ကကူညီပေးမယ်။ လိုက်ပေးမယ်လို့ သူ့ကိုပြောတော့ သူအားတက်သွားတယ်။ အရမ်းလဲဝမ်းသာသွားတယ်။ ပြီးတော့ ကျွန်မက သူ့ကို အစစအရာရာ လုပ်ပေးရမယ်ဆိုတာ သူသိတော့ ကျွန်မကိုလည်း အားနာတယ်ဆိုတဲ့အကြောင်း သူပြောရှာပါ တယ်”လို့ ဆရာမက စိတ်မကောင်းခြင်းများစွာနဲ့ ဧရာအလင်းကို ပြောပြပါတယ်။
ဆက်လက်ပြီး ဆရာမက သူတာဝန်ယူရတဲ့နေရာက ဘာသာသူတွေရဲ့အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တဲ့အခါ ဘာသာသူတွေဟာ အခြားဘာသာဝင်တွေကြားထဲ နေရတဲ့အခါ ကျတော့ တစ်ချို့က အခြားဘာသာဝင်တွေနဲ့ အိမ်ထောင်ကျပြီး ဘာသာတရားကို စွန့်သွားတဲ့သူတွေရှိကြတယ်။ တစ်ချို့ကျပြန်တော့လည်း ထောက်ပံ့မှုတွေရလို့ ပြောင်းသွားကြတဲ့ သူတွေလဲရှိကြတယ်လို့ သိရပါတယ်။
အဲ့ဒီလိုအသင်းတော်ကို စွန့်ခွာသွားကြတဲ့ သူတွေကိုလည်း ဆရာမက စွန့်ပစ်မထားဘူး။ ဆရာမရဲ့ အကူအညီကို လိုအပ်တဲ့အခါ ဥပမာ ဆုံးသွားတဲ့ သူတို့ရဲ့ မိဘတွေအတွက် မစ္ဆားတောင်းပေးချင်တဲ့အခါကျရင် သူတို့ကဆရာမဆီကို လာပြီးအကူအညီ တောင်းခံကြတယ်။
“ကိုယ်ကလည်း သူတို့လာတောင်းတဲ့ အကူအညီတွေကို လုပ်ပေးရင်း ရင်းနှီးအောင်နေတယ်။ အဲ့လိုပုံစံနဲ့ပဲ သူတို့ကို ဘာသာတရားထဲ စိတ်ပြန်ပါအောင် တစ်ဖြည်းဖြည်းနဲ့ ပြန်လုပ်ပေးရတာပေါ့” လို့ ဆိုပါတယ်။
ဆရာမရဲ့ စိတ်ရှည်သည်းခံကူညီပေးခဲ့တဲ့အတွက်ကြောင့် တစ်ချို့ဆိုရင် ဘာသာတရားတွေကို စိတ်ပြန်ဝင်စားလာပြီး လက်ထပ်ခြင်းတွေ ပြန်ယူဘို့ကိုတောင် စတင်လုပ်ဆောင် နေကြတဲ့အတွဲတွေလ်ညး ရှိတယ်လို့ သိရတယ်။
ဆရာမရဲ့အပိုင်နယ်ထဲက ဘာသာသူတွေဟာ အများပိုင်းကတော့ နေ့လုပ်နေ့စားတွေ များကြပါတယ်လို့ ဘာသာတူတွေရဲ့ စီးပွားရေးအခြေအနေကို ပြောပါတယ်။
ဒါ့အပြင် မိမိရဲ့အခြေအနေနဲ့ စိတ်ဆန္ဒကိုလည်း ပြောပြရာမှာ “အမှန်အတိုင်း ဝန်ခံရရင် ကျွန်မကလည်း နောက်ခံက သိပ်မရှိတော့ ခက်ခဲနေတဲ့ ကိုယ့်ဘာသာသူတွေကိုမြင်ရင် အရမ်းကူညီချင်တယ်။ ကိုယ့်မှာက ကူညီဘို့ အင်အားလည်း မရှိတော့ တစ်ခါတစ်ခါဆိုရင် ကျွန်မအရမ်းကို ချမ်းသာချင်တယ်” လို့ ဆိုပါတယ်။
“ဘာသာသူတွေရဲ့ အကြပ်အတည်းတွေကို ကူညီလို့ရအောင်ပေါ့နော်။ သူတို့ရဲ့ အကြပ်အတည်းတွေကို တွေ့တဲ့အခါ မကူညီပေးနိုင်တော့ စိတ်မကောင်းဘူး။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်လို့ပေါ့” လို့ ဝမ်းနည်းစိတ်မကောင်းစွာ ရင်ဖွင့်ပြောပြပါတယ်။
ဆက်လက်ပြီး ဆရာမက ဘာသာသူတွေကို နှစ်သိမ့်ခွန်အားပေးစကားပြောရာမှာ “တို့ကက်သလစ် အသင်းတော်က ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အဓိကက ကိုယ့်ယုံကြည်ခြင်းခိုင်မြဲဘို့နဲ့ အသင်းတော် အပေါ်မှာ သစ္စာရှိဘို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ “အသင်းတော်ကို ငွေနဲ့တည်ဆောက်လို့ မရဘူးလို့” ဘုန်းတော်ကြီး တစ်ပါးရဲ့စကားကို ကိုးကားပြီး အားပေးတိုက်တွန်းပါသေးတယ်။
ဆက်လက်ပြီးဆရာမကပဲ “ဘယ်အသင်းတော်ပဲဖြစ်ဖြစ် ဆင်းရဲတာ၊ ချမ်းသာတာတွေ အတိမ်းအစောင်းတွေကတော့ ရှိမှာပဲ။ အဲ့ဒါတွေကို အဓိက မထားပါနဲ့။ ကက်သလစ် ဘာသာဝင်တွေတိုင်းက ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံကြုံ ယုံကြည်ခြင်းကို ခိုင်ခိုင်မာမာ ထားပါ။ ပညတ်တော်ဆယ်ပါးနဲ့ ကျင့်ဝတ် ၆ ပါးကို အမြဲတမ်း လိုက်နာပြီး သာသနာရဲ့ လိုအပ်တဲ့ နေရာတွေမှာ တတ်စွမ်းသလောက် ပါဝင်ပေးကြဘို့ ကိုယ့်အသင်းတော်ရဲ့ အားနည်းချက်တွေကို သူများအသင်းတော်တွေနဲ့လိုက်ပြီး မနှိုင်းယှဉ်ပါနဲ့။ ယုံကြည်ခြင်းကိုသာ ဖြောင့်ဖြောင့်မတ်မတ် ထားကြပါလို့” အားပေးစကားဆိုလိုက်ပါတယ်။
ဓမ္မဆရာမကြီး ရိုမာနား နော်ခင်ခင်ထွေးဟာ ဖေးမကူညီ ဓမ္မလမ်းစီ ပို့ဆောင်ပေးသူ ဓမ္မဆရာမကြီးတစ်ဦးအဖြစ် တင်စားရင်း ဆရာမကြီးရဲ့ လုပ်ဆောင်ချက်တွေကို ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်။
အင်တာဗျူး-စစ္စတာရ် မေရီအန်း စုလတ်ထွေး
စာတည်း-ရေးမွန် မန်းကျော်