Pathein Catholic Diocese Untitled Document
Untitled Document
ဖာသာရ် အန္ဒြူးစိုးဝင်းနှင့် နာဂစ်မုန်တိုင်း ၁၄ နှစ်ပြည့်အောက်‌မေ့သတိရခြင်း

“မပြန်လို့မဖြစ်ဘူး။ ‌‌ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားကလေးတွေကျန်ခဲ့တယ်။စိတ်မချဘူး။ ပြန်မှဖြစ်မယ်။“

မေလ ၂ ရက်နေ့ဟာ မြန်မာပြည်သူများအတွက် အထူးသဖြင့် ဧရာဝတီးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးတို့ကို တိုက်ခိုက်ခဲ့တယ်။ ဒီကနေ့ မေလ၂ ရက်နေ့ဆိုရင် ၁၄ နှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီး။

နာဂစ်မှာဘာဖြစ်သလဲလို့မေးရင် လူပေါင်းများစွာသေခဲ့ရသလို အိမ်ခြေပေါင်းများစွာ လည်းပျက်စီး ဆုံးရှုံးခဲ့ကြရတယ်။ သေသွားကြသူတွေထဲမှာ ရဟန်းရှင်လူများစွာပါဝင်ခဲ့ကြပါတယ်။ ပါဝင်ခဲ့ကြ သူတွေထဲမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဖာသာရ် အန္ဒြူးစိုးဝင်းလည်း တစ်ပါးအပါ အဝင်ဖြစ်ခဲ့ပါတယ်။

ဖာသာရ်အန္ဒြူးစိုးဝင်းဟာဆိုရင် လတ်ပွတ္တာမြို့နယ် ယခုလပွတ္တာခရိုင်၊ ပြင်စလူမြို့နယ် ပင်လယ်ကက် သလစ်သာသနာမှာ သာသနာပြုခဲ့တဲ့ ကျောင်းထိုင်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ ပိန္နဲကုန်းဆိုတဲ့ရွာက မင်္ဂလာဆောင်မဲ့စုံတွဲတွေကို ဘုရားစကားသင်ကြားပေးဖို့ ဓမ္မဆရာမကို သွားပို့ခဲ့ပါတယ်။ အဲဒီနေ့ဟာဆိုရင် တစ်တိုင်းပြည်လုံးနီးပါး မိုးအုပ်ဆိုင်းနေခဲ့ပါတယ်။ မိုးတွေအုပ်ဆိုင်းလာတဲ့အခါမှာ ဘာသာတူတွေကဘုန်းကြီးကို ရွာမှာအိပ်ပြီးမှ သူ့ကျောင်းရှိရာ အိုင်မရွာကိုပြန်ဖို့အကြုံပြုခဲ့ကြပါတယ်။

ဘုန်းတော်ကြီးက “မပြန်လို့မဖြစ်ဘူး။ ‌‌ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားကလေးတွေကျန်ခဲ့ တယ်။စိတ်မချဘူး။ ပြန်မှဖြစ်မယ်လို့ “ သူကပြန်ပြောခဲ့တယ်။ သူ့ရဲ့သိုးထိန်းကောင်းပီသတဲ့စိတ်ဓာတ် ကိုပေါ်လွင်စေပါတယ်။

ဘာသာတူတွေက ဘုန်းကြီးကို မပြန်ဖို့အကြံပြုလို့မရတဲ့အခါမှာ ဘုန်းကြီးရဲ့ စိတ်သဘောအတိုင်း လိုက်လျောပေးခဲ့ကြတယ်။

အသက်ရှင်ကျန်ခဲ့တဲ့ ဘုန်းကြီးရဲ့စက်လှေမောင်းသမား စောအာလဖုန်းရဲ့ ပြောပြချက်အရ မေလ ၂ ရက် နေ့လည်ဆွမ်းစားပြီးလို့ စက်လှေနဲ့ (‌ဒေသအခေါ်ပဲ့ထောင်နဲ့) မွန်းလွဲ ၁၂ နာရီ တစ်ချက်လောက်မှာ ပိန္နဲကုန်းရွာကနေ ပြန်ထွက်ခဲ့ကြတယ်။ စထွက်တဲ့အချိန်မှာ မိုးတွေရွာနေပြီလို့ပြောပါတယ်။ ပြန်လာလို့ ညောင်တစ်ပင်ချောင်းဝအရောက်မှာ မိုးကတအားရွာလာတယ်။ မိုးနဲ့အတူလေပါ‌ ပါလာတော့ သင်္ဘောကမောင်းလို့ရှေ့ဆက်မတက်တော့ဘူး။ မျက်နှာလည်း လေဒဏ် မိုးဒဏ်မခံနိုင်တော့ဘူး။ အဲဒီအချိန်မှာ ဘုန်းကြီးက သူ့မှာပါလာတဲ့ မျက်မှန်ယူလာပြီးတတ်ပေးခဲ့တယ်။ အဲဒါနဲ့လည်း ဘာမှမမြင်ရဖြစ်နေတော့ ဆက်မမောင်းတော့ပဲ ခဏရပ်ထားဖို့ ဘုန်းကြီးကပြောတာနဲ့ ခဏကမ်း ကပ်ထားလိုက်တယ်။ စက်လှေကို ခဏကြိုးချည်ထားလိုက်တယ်။

မိုး‌လေးနည်းနည်းစဲသွားတော့ ထပ်ထွက်ခဲ့တယ်။ ဒိုးကုန်းအဝရောက်တဲ့အခါမှာတော့ ဘယ်လိုမှဆက် မောင်းလို့မရတော့ဘူး။ လေကြီး၊မိုးရွာ၊လှိုင်းကလည်းပါတော့ စက်လှေထဲရေတွေဝင်လာတယ်။ အဲဒါနဲ့ ဘုန်းကြီးက ပြန်လှည့်ခိုင်းပြီး ခဏကမ်းကပ်ခိုင်းတယ်။

စောအာလဖုန်းက နောက်ပြန်လှည့်ပြီး ပိန္နဲကုန်းရွာဘက်ကို ပြန်လှည့်မောင်းရင်ကောင်းမလားလို့ ဘုန်းကြီးကို လျှောက်တင်ခဲ့တဲ့အခါ ဘုန်းကြီးက “မင်းကလည်းကွားကြောက်တတ်လိုက်တာ၊ တ‌အောင့်နေရင်ငြိမ်သွားလိမ့်မယ်လို့” ပြန်ပြောခဲ့တယ်။ အချိန်က ညနေ ၅ နာရီကျော်ကျော် လောက်ရှိပြီလို့ဆိုပါတယ်။

ပြန်လှည့်မောင်းရင် အေးဆေးမှီတယ်လို့ အာလဖုန်းကပြောပါတယ်။ ရေစုန်လေစုန်ဖြစ် နေလို့ပြန်လှည့်မောင်းရင် မြန်မှမြန်ပဲလို့ ဆိုပါတယ်။ တက်ရေလည်းဖြစ်နေတယ်။

အဲဒါနဲ့ ရောက်တဲ့နေရာမှာကြိုးချည်ထားလိုက်တယ်။ လေကတော့ ကြာလေကြမ်းလာလေပဲ။ ကြိုးကတစ်ချောင်းတည်းချည်ထားတာစိတ်မချလို့ ဆင်းပြီးတော့ နောက်တစ်ချောင်းသိုင်းပြီး ကြိုးကိုထိန်းထားတဲ့အချိန်မှာဘုန်းကြီးလည်းမနေဘူး စက်လှေအပြင်ထွက်လာခဲ့တယ်။ သူကကျွန်တော့နောက်ကနေဖိထားပြီးဝိုင်းကိုင်ထားပေးခဲ့တယ်။ ကြာလေ မိုးကြီး လေကြီးလာလေပဲ။ သိပ်မကြာခင်မှာပဲ ကြိုးကထောင်းကနဲဆိုတစ်ချောင်းပြတ်ထွက်သွားတယ်။ တစ်ချောင်းပြတ်ထွက် သွားပြီးဆိုနောက်တစ်ချောင်းကမခိုင်တော့ဘူး။ ကျွန်တော်လည်း စက်လှေပေါ်ပြေးတက်ပြီး ဂေါက်ကိုကိုင်လိုက်တယ်။ စက်နှိုးမလို့လည်းလုပ်ရော နောက်တစ်ချောင်းကပြတ်ရော။ နှစ်ချောင်းစလုံးပြတ်ထွက်ရော။ ဂေါက်လှည့်မလို့လည်းလုပ်‌ရော ကျွန်တော်လည်းပြုတ်ကျပါလေရော။ ပြုတ်လည်းပြုတ်ကျရောပြန်သတိရလိုက်တာက တက်မကို သွေးထားတယ်။ ပိုက်တွေဘာတွေ ကျော်တဲ့အခါပြတ်သွားအောင်လို့။ အဲဒါပြန်သတိရတော့ အောက်ကို ထိုးငုတ်လိုက်တာလွှတ် ရုံလေးပဲရှိခဲ့တယ်။ ပြန်လည်းပေါ်လာရော သင်္ဘောက လွင့်တာအဝေးကြီးရောက်သွားပြီ။ အဲဒီအချိန်က ဘုန်းကြီးက စက်လှေဦးမှာပဲရှိနေခဲ့သေးတယ်။

ရေကထိုးတက်လာတော့ အရပ်က မမှီတော့ဘူး။ထိုးငုတ်လိုက်လို့လွှတ်ရုံပဲရှိတယ်။ မဟုတ်ရင် လည်ပင်းပြတ်တယ် တကယ်လို့အဲဒီတက်မ နဲ့ထိရင်ပေါ့။ ပြန်ပေါ်လာတဲ့အခါကြည့်လိုက်တော့ ဘိုးအာလိုက်စီနဲ့ အီညာစီအူးတို့က စက်လှေထဲမှာ ရေပက်နေကြတာကိုတွေ့ရတယ်။ ဘုန်းကြီးကတော့ စက်လှေဦးမှာပဲ ကားယား ကားယားနဲ့။ ကျွန်တော်လည်းတစ်ချက်လောက် ရေကူးပြီးသူတို့စီ သွားအုံးမလို့ပဲ။ ကူးရင်လည်းမမှီနိုင်ဘူး။ ကူးလိုက်ရင်အကုန်ခြေလွတ်လက်လွတ်ဖြစ်ကုန်မှာ။ ကျွန်တော်က ရေမကူးတော့ပဲ ထိရာမိရာအပင်ကို ဆွဲဖက်ထားလိုက်တာ။ အဲဒီဖက်ထားတဲ့ အပင်ကပဲ ဗြောင်းကနဲဆို ကျိုးကျသွားရော။ အငုတ်တိုလေးပဲကျန်ခဲ့တယ်။ အဲဒီအငုတ်တိုလေးက ရေမြုတ်သွားတော့အဲဒီလိုပဲခံနေရတယ်။ အဲလိုပဲ ပေခံနေတာ။ လှိုင်းတက်ရင်မြုပ်သွားတယ်။ လှိုင်းပြန်ကျရင်တော့ ခေါင်း‌လေးတာ့ပေါ်လာတယ်။

“မှောင်လည်းမှောင်သွားရော ကျွန်တော်လည်းတွေးလိုက်တယ်။ သူတို့လည်းသူတို့ အန္တရာယ် သူတို့ကြည့် ကာကွယ်မှာပါ။ ကျွန်တော်လည်းသစ်ငုတ်တိုလေးဖက်ထားရင် မှောင်လာတော့ ဘာကိုမှမြင်ရတော့ဘူးလို့,”အာလဖုန်းကဆိုပါတယ်။

“မနက်မိုးလင်းတော့ လိုက်ရှာတာတစ်ယောက်မှမတွေ့တော့ဘူး။ ရှာတာတစ်ယောက်မှ မတွေ့တော့ခြေထောက်ကြွက်တွေတက်နေခဲ့တယ်လို့လည်း” ပြောပါတယ်။

မုန်းတိုင်းက‌တော့ တစ်ညလုံးတော့မတိုက်ခဲ့ဘူး။ ည ၉ နာရီ ၁၀ နာရီလောက်မှာ ငြိမ်သွားခဲ့တယ်။ မနက်မိုးလင်းတော့လိုက်ရှာတာ အဘိုးအာလိုက်စီတစ်ယောက်ပဲတွေ့ခဲ့တယ်။ ဘုန်းကြီးလည်းရှာမတွေ့တော့ဘူး။ အဲဒီမှာ အတော်စိတ်ဓာတ်ကျပြီးထိုင်နေခဲ့တယ်။