Pathein Catholic Diocese Untitled Document
Untitled Document
ကက်သလစ်သာသနာ့အကျိုးတော်ဆောင်များ၏နှစ်ပတ်လည်အစည်းအဝေးကျင်းပ


ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာသာသနာ့အကျိုးတော်ဆောင်များ (Photo by Ayeyar Alinn)
ကက်သလစ်သာသနာ့အကျိုးတော်ဆောင်များ၏နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ပုသိမ်ကက်သလစ်ခရစ်ယာန်သာသနာလုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်များ၏နှစ်ပတ်လည်အစည်းအဝေးကို စိန့်ပီတာကယ်သီဒြယ်ဘုရားကျောင်းဝင်းအတွင်းရှိ သာသနာ့ခန်းမဆောင်တွင် ဇန်နဝါရီလ ၂၅ မှ ၂၇ နေ့အထိကျင်းပ ခဲ့ကြပါတယ်။

သာသနာ့အကျိုးတော်ဆောင်များ၏တာဝန်ခံ ဖာသာရ် ရာဖာအဲလ်ဖုန်းနိုင်ဦးက “နှစ်အနည်းငယ်ကြာမတွေ့ဆုံဖြစ်တဲ့ သာသနာ့အကျိုးတော်ဆောင်များ ပြန်လည်ဆုံဆည်းဘို့ရန်၊ အချင်းချင်းပြန်လည်ချိတ်ဆက်မိစေရန်နှင့်အတူတကွ ပူးပေါင်းပြီးသာသနာ့လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန်ဖြစ်ကြောင်း” နှစ်ပတ်လည်အစည်းအဝေးလုပ်ဆောင်ရသည့်ရည်ရွယ်ချက်ကို ပြောပြပါတယ်။

ယင်းတာဝန်ခံဘုန်းတော်ကြီးကပဲ ပုသိမ်ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာ သာသနာ့ အကျိုးတော်ဆောင်များနှစ်ပတ်လည်တွေ့ဆုံခြင်းကို ၂၀၂၀ မှစ၍ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလ မှာတော့ ဇုံအလိုက်တွေ့ဆုံခြင်းများပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် နှစ်ပတ်လည်တွေ့ဆုံဖို့ရန် ရည်ရွယ်ထားခဲ့ပေမဲ့ မပြုလုပ်နိုင်ခဲ့ပဲ ယခုလ ဇန်နဝါရီမှာဘဲ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကိုယ့်သာသနာမှာပြန်လုပ်ဆောင်ရမဲ့ အရာအားလုံးက သာသနာ့အကျိုးတော်ဆောင်တွေမှာတာဝန်ရှိတဲ့အကြောင်းပေါ့။ နောက်ပြီးတော့ သာသနာတစ်ခုမှာ ဘုန်းကြီးနဲ့လည်းမပြီးဘူး။ ဓမ္မဆရာ၊ဆရာမတွေနဲ့လည်းမပြီးဘူး။ အဓိကအခြေခံကတော့ အကျိုးတော်ဆောင်တွေက အဓိက ကျတယ်။ ဒါ့ကြောင့်မို့လို့ သာသနာပြန်ရောက်သွားရင် မိခင်တွေရော၊ ဖခင်တွေရော၊ အကျိုးဆောင်တွေရော၊ဘုန်းကြီးတွေရာ အားလုံးဆွေးနွေးတိုင်ပင်ပြီးတော့ သာသနာတော်ကြီးကို တိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးဖို့တာဝန်ရှိကြောင်း”ကို သိရှိလာခဲ့ရကြောင်းပုသိမ်ဇုံရှိ  ကျုံပျော်အိုင်မသာသနာမှ ဦးအန်ထော်နီက ပြောပါတယ်။

"ဒီအစည်းအဝေးကတော့ ကျွန်တော့အမြင်နဲ့ကတော့ အရမ်းကောင်းတယ်။ ဒါပေမဲ့ Skill တွေလည်းမြင့်တယ်။ သာသနာမှာဘာတွေပြန်လုပ်ရမလဲ၊ သာသနာလယ်ကွင်းမှာကိုယ့်ဘာသာတူတွေကို ဘယ်လို့ပြန်စည်းရုံးရမလဲ၊ ဒီထက်တိုးတက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အမြင်သစ်တွေကို ရရှိတယ်" လို့ မြောင်းမြဇုံရှိ ပင်လယ်သာသနာမှ ကိုမိုင်ကယ်ကလည်းပြောပါတယ်။

"ဒီနှစ်ကတော့ Diocese (သာသာနာ)ရဲ့ လုပ်ဆောင်ချက် အစအလယ်အဆုံးကိုနွေးနွေးထွေးထွေးသိရတယ်။ ရင်ထဲမှာလည်း ပီတိလည်းဖြစ်တယ်။ အားလည်းရှိတယ်," လို့ ဟင်္သာတဇုံရှိ ရေနံတောင်သာသနာမှ ဦးဧလိယ က ဆိုပါတယ်။

တက်ရောက်လာကြသော သာသနာ့အကျိုးတော်ဆောင်များက ၂၅ ရက်နေ့ ညနေ ၇ နာရီတွင် တစ်ဦးကိုတစ်ဦး မိတ်ဆက်ခြင်းအစီအစဉ်ဖြင့် အစည်းအဝေးကို စတင်ခဲ့ကြပါတယ်။

ဖာသာရ်ဖလော့ရင့်အောင်ကျော်ဦးမှ မစ္ဆားတရားတော်မြတ်ကို ၂၆ ရက်နေ့ နံနက် ၆ နာရီတွင် ဦးဆောင်ပူဇော် ပေးခဲ့ပြီး ယင်းကပဲ နံနက် ၈ နာရီတွင် ဓမ္မညီလာခံဆိုင်ရာအသင်းတော်အကြောင်းကို တက်ရောက်လာသူများအား ဝေမျှပေးခဲ့ပါတယ်။

ဖာသာရ်အိုင်စီဒိုမှလည်း သာသနာလုပ်ငန်းတွေ ဘာသာတူများရဲ့ အခန်းကဏ္ဏနှင့်ပတ်သက်သော အကြောင်း အရာများကို နံနက် ၁၀း ၁၅ မှ ၁၂ နာရီအထိ ဝေမျှဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

နေ့လည်၂ နာရီမှ ၃း၃၀ နာရီတွင် သာသနာလုံးဆိုင်ရာ ဓမ္မဆရာ၊ဆရာမများတာဝန်ခံ ဖာသာရ်ဖိလစ်စိုးဝင်းမှ ဓမ္မဆရာ၊ဆရာမများ၏အခန်းကဏ္ဍကိုလည်းကောင်း၊ လူငယ်တာဝန်ခံ ဖာသာရ် ဂေးလ်ဘက်စွန်းစွန်းမှ လူငယ် များ၏အခန်းကဏ္ဍကိုလည်းကောင်း၊ သမ္မာကျမ်းစာတာဝန်ခံ ဖာသာရ် ဘောစကိုစောလားထူးမှ သမ္မာ ကျမ်းစာ အခန်းကဏ္ဍကိုလည်းကောင်း၊ သာသနာလုံးဆိုင်ရာ ကရုဏာလုပ်ငန်းတာဝန်ခံ ဖာသာရ်ပီတယ်မြတ်သူရမှ ကရု ဏာလုပ်ငန်းကဏ္ဍကိုလည်းကောင်း အသီးသီးအသိပေးတင်ပြဆွေးနွေးခဲ့ပါတယ်။

နေ့လည် ၄ နာရီမှ ၅း ၃၀ နာရီတွင်လည်း သာသနာလုံးဆိုင်ရာ ကျန်းမာရေးတာဝန်ခံ ဖာသာရ် ပီတယ်စောငွေမှ ကျန်းမာရေးကဏ္ဍကိုလည်းကောင်း၊ ပညာရေးတာဝန်ခံ ဖာသာရ် ဖလောရင့်အောင်ကျော်ဦးမှ ပညာရေး ကဏ္ဍ ကိုလည်းကောင်း၊ မယ်တော်တမန်တော်နှင့် သာသနာ့အကျိုးတော်ဆောင်များ၏တာဝန်ခံ ဖာသာရ် ရာဖာအဲလ် ဖုန်းနိုင်ဦးမှ မယ်တော်တမန်တော်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း တင်ပြဆွေးနွေးအသိပေးခဲ့ကြ ပါတယ်။

ဖာသာရ် ဟင်နရီအိုင်ခလိန်မှ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် မစ္ဆားတရားတော်မြတ်ကို ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။ နံနက် ၈ နာရီ မှ ၁၂ နာရီတွင် အထွေထွေးဆွေးနွေးခြင်းများနှင့် အလုပ်အမှုဆောင်သစ်များကို ဇုံအလိုက်သော်လည်းကောင်း၊ သာသနာတစ်ခုလုံးအတွက်သော်လည်းကောင်းရွေးချယ်တင်မြောက်ခြင်းများကို ပြုလုပ်ကြပြီး နေ့လည်စားသုံးဆောင်ကြပြီးနောက် မိမိတို့နေရပ်ဒေသသို့ အသီးသီးထွက်ခွာခဲ့ကြကြောင်း ဧရာအလင်းမှ သိရှိရပါတယ်။

“ဘုရားသခင်ကိုကျေးဇူးတင်တယ်။ ကျောင်းထိုင်ဘုန်းတော်ကြီးများကိုလည်းကျေးဇူးတင်တယ်။ တက်ရောက်လာကြတဲ့ သာသနာ့အကျိုးတော်ဆောင်များကို ကျေးဇူးတင်သလို အဖက်ဖက်ကပါဝင်ကူညီပေးကြတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်,” တာဝန်ခံဖာသာရ် ဖုန်းနိုင်ဦးက ပြေပါတယ်။

ဆက်လက်ပြီး ယင်းဘုန်းတော်ကြီးကပဲ “ကြောင်းအမျိုးမျိုးကြောင့် တိုက်နယ်သာသနာတစ်ခုကဘဲ မတက်ရောက်နိုင်ဘဲ ကျန်တိုက်နယ်သာသနာအားလုံးတက်ရောက်တဲ့အတွက် အထူးဝမ်းသာပါတယ်။ နှစ်ရက်၊သုံးရက်တာ တွေ့ဆုံပွဲမှာ ပါဝင်သူအယောက်စီတိုင်းရဲ့ ပါဝင်မှုကို အထူးကျေနပ်မိပါတယ်”’လို့ ဆိုပါတယ်။

သာသနာလုံးဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို အကျိုးတော်ဆောင် ၈၀ ဦးတက်ရောက်ပါဝင်ခဲ့ကြောင် တာဝန်ခံဘုန်းတော်ကြီးထံမှ သိရှိပါတယ်။

သတင်း-ရေမွန်မန်းကျော်

 



2023-01-27 04:10:27