Pathein Catholic Diocese Untitled Document
Untitled Document
တွေ့ဆုံမေးမြန်းခန်း Interview; ဖာသာရ် ရိချက် စအိုင်ထီနှင့် တွေ့ဆုံမေးမြန်းခြင်း။


Father Richard, Trainers, and tranees in Myaungmya Parish in 2018. (Photo by Raymond Mahn Kyaw)
တွေ့ဆုံမေးမြန်းခန်း Interview; ဖာသာရ် ရိချက် စအိုင်ထီနှင့် တွေ့ဆုံမေးမြန်းခြင်း။

ဧရာအလင်း။ ။ မင်္ဂလာပါ..ဖာသာရ်။ ဖာသာရ်က ပုသိမ်ကက်သလစ်ခရစ်ယာန် ဂိုဏ်းအုပ်သာသနာတစ်ခုလုံးရဲ့ မိသားစုရေးရာတာဝန်ခံ တစ်ပါးဖြစ်ပြီးတော့ အလုပ် လည်းအများကြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်နှစ်ခုနှစ်မှာစတင်ပြီး ဒီတာဝန်ကို ထမ်းဆောင်ရတာလဲ? ဘာတွေလုပ်ဆောင်ရလဲ ပြောပြပေးပါအုံး။

ဖာသာရ်။ ။မိသားစုကော်မရှင်မှာအများကြီးလုပ်တယ်လို့လည်းမဟုတ်ပါဘူး။ ဆရာ တော်ကတာဝန်ပေးအပ်လာတော့လည်း တာဝန်ကျေအောင်လုပ်ရတာပေါ့။ ဆရာတော် ကလုပ်ပါလို့ပြောလာရင် နာခံခြင်းနဲ့လုပ်ရတယ်။ ရှောင်လွဲလို့မရဘူးပေါ့။ ၂၀၁၅ မှာ ရန်ကုန်ရဟန်းဖြစ်သင်ကျောင်း မေဂျာကနေ ပုသိမ်သာသနာကို ပြန်ရောက် လာခဲ့ တယ်။၂၀၁၆ မှာ မိသားစုကော်မရှင်မှာ စလုပ်ခဲ့တယ်။ ဆရာတော်က လက်ထပ်ခြင်း တွေနဲ့ပတ်သက်လို့ ဦးဆောင်လုပ်သွားဖို့ တာဝန်ပေးလာခဲ့တယ်။ အထူးသဖြင့်ကတော့ ဘာသာကွဲလက်ထပ်ခြင်းပေါ့။ လက်ထပ်ခြင်းနဲ့ပတ်သက်လို့ ဖြစ်လာတဲ့အရာကို ကိုင် တွယ်ဖြေရှင်းဖို့ ဆရာတော်က တာဝန်ပေးခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာပဲ မိသားစု ကော်မ ရှင်တာဝန်ခံဘုန်းတော်ကြီးတစ်ပါးကနေ မိသာစုကော်မရှင်အလုပ်တွေကို တရားဝင် လွဲပြောင်းပေးခဲ့လို့ ဒီတာဝန်ကိုပါ ယူခဲ့တယ်။ ၂၀၁၆ မှာ မိသားစု ကော်မရှင် အလုပ် အတွက် သာသနာတွေကို နယ်လှည့်ဖို့ ကြိုးစားခဲ့တယ်။ သို့သော် ငွေကြေးအခက် အခဲ့ရှိခဲ့ပေမဲ့ ဘုန်းတော်ကြီးနှစ်ပါးဖြစ်ကြတဲ့ ဖာသာရ် ဟင်နရီအိုင်ခလိန် နဲ့ ဖာသာရ် အောင်ကျော်ဦးတို့က အလှူရှင်တွေရှာပေးခဲ့လို့ လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့တယ်။

ဧရာအလင်း။ ။ မိသားစုရေးရာသင်တန်းတွေအတွက် ကျောင်းထိုင်သာသနာ အသီးသီးကိုသွားပြီးပို့ချပေးနေရတယ်လို့သိရပါတယ်။ဘာတွေပို့ချပေးရလဲ။ ဘယ်လိုပို့ ချပေးနေလဲ။

ဖာသာရ်။ ။ စာအုပ်တစ်အုပ်ကို ဘာသာပြန်တဲ့အလုပ်နဲ့ စတင်ခဲ့တယ်။ အဲဒီစာအုပ်က ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာအကြောင်းသို့မဟုတ် လက်ထပ်ထိမ်းမြားခြင်းအတွက် ကျောင်းထိုင်းဘုန်းတော်ကြီးများရဲ့ လက်စွဲစာအုပ် ဆိုတဲ့ခေါင်းစဉ်နဲ့စာအုပ်ကို ဘာသာပြန်ခဲ့တယ်။ ပြီးတော့ အဲဒီစာအုပ်ထဲက အကြောင်း အရာတွေကို ပြန်ပြီးပို့ချပေးခဲ့တယ်။ အဓိက ကတော့ လက်ထပ်ခြင်းမှာ တရားဝင်ဖြစ် ခြင်း (Validity)၊ တရားဝင်မဖြစ်ခြင်း (Invalidity) အကြောင်း၊ အဟန့်အတားများ အကြောင်းတွေကို ပို့ချပေးတယ်။ နောက်ပြီးတော့ Consent သဘောတူညီချက် အကြောင်းတွေလည်းပါတယ်။ လက်ထပ်ခြင်းမှာ သဘောတူချက်မပါတာရှိတယ်။ မပါရတာလည်း အကြောင်းအမျိုးမျိုးရှိလောက်တာပေါ့နော်။ မိဘပေးစားလို့ ယူလိုက် ရတယ်။ မတော်တဆဖြစ်သွားပြီး ကိုယ်ဝန်ရလို့ ယူလိုက်ရတယ်။ အတင်းအဓမ္မပေး စားလို့ယူလိုက်ရတယ်။ ဖိအားပေးတာတွေ အဲဒါမျိုးတွေ သဘောတူညီချက်တွေကို ထိခိုက်စေတဲ့ဟာတွေပါတာပေါ့နော်။ နောက်ပြီးတော့ သူ့လုပ်ထုံးလုပ်နည်းလေး တွေရှိတယ်။ ပထမလက်ထပ်ခြင်းတရားဝင်ဖြစ်ခြင်း (Validity) ဟုတ်မဟုတ်နဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းအတိုင် ဘယ်လို သွားရမလဲ။ ဒါတွေက‌တော့ သိပ်မ ပို့ချဖြစ်ဘူး။ လက်ထပ်ခြင်းကို အဟန့်အတားဖြစ်စေတဲ့ အကြောင်းအချက်တွေကို ၃ နှစ်တာပို့ချခဲ့တယ်။ တစ်နှစ်ကို ဇုံတစ်ဇုံသွားရတယ်။ ပထမနှစ်က ပုသိမ်ဇုံဆိုရင်၊ ဒုတိယနှစ်က မြောင်းမြဇုံ၊ တတိယနှစ်က ဟင်္သာတဇုံ အဲလိုလိုက်ပို့ချရတယ်။ ဘာသာတူတွေအကျိုးရှိကြပါတယ်။ ပိုပြီးတော့ သိသွားကြတယ်။

နောက် ၃ နှစ်ကျတော့ စာအုပ်တစ်အုပ်ထပ်ပြီးဘာသာပြန်တယ်။ စာအုပ်ခေါင်းစဉ်က ဗီယက်နမ် ကာဒီနယ်တစ်ပါးရေးတဲ့ The good news in prison အကျဉ်းထောင်မှ သတင်းကောင်း စာအုပ်ဖြစ်ပြီး ခေါင်းစဉ်ကတော့ မျှော်လင့်ခြင်းလမ်းမ The Road of Hope စာအုပ်ကို ဘာသာပြန်ထုတ်ဝေခဲ့တယ်။ ပြီးတော့ ပြန်ပြီးပို့ချပေးခဲ့တယ်။ ဗီယက်နမ်ကာဒီနယ်ကြီးက အကျဉ်းထောင်ထဲရောက်တဲ့အခါမှာ သူ့ဘာသာတူတွေကို ဘယ်လို့ အားပေးခဲ့လဲ။ ကက်သလစ်ခရစ်ယာန်ဖြစ်ရင် ဘယ်လိုအသက်ရှင်ရလဲ။ အကျယ်တဝင့်နဲ့ သူထောင်ထဲမှာနေတုန်းက ရေးထားခဲ့တဲ့စာအုပ်ကို ဘာသာပြန်ထုတ်ဝေ ပြီးလိုက်ပို့ချတယ်။
အခုကတော့ ကိုဗစ်ဖြစ်လိုက် နိုင်ငံရေးဖြစ်လိုက်နဲ့ ထန်းပင်ကုန်းကျောင်းထိုင် သာသနာ ကို သွားဖို့ မသွားဖြစ်လိုက်တော့ ဟင်္သာတဇုံအတွက် အဲဒီတစ်ရွာပဲ ကျန်ခဲ့တယ်။

နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလကျရင် တောင်ကြီးသွားရမယ်။ ပုသိမ်ဂိုဏ်းချုပ်သာသနာ မိသားစုကော်မရှင်နဲ့ တောင်ကြီးဂိုဏ်အုပ်သာသနာ မိသားစုကော်မရှင် နှီးနှောဖလှယ် ပွဲပေါ့။ သူတို့တွေဘာတွေလုပ်လည်း ကိုယ်ကဘာလုပ်လဲ နှီးနှောဖလှယ်ပွဲ အတွေ့ အကြုံလည်းယူဖို့ သွားဖို့ရှိတယ်။ ကြားထဲမှာ တစ်နှစ်ကျော်ကျော်က သွားလို့မရဘူး ကိုဗစ်ဖြစ်လို့။

ဧရာအလင်း။ ။ သာသနာနယ်တွေသွားတဲ့အခါမှာ ဖာသာရ့်အနေနဲ့ တွေကြုံ၊ ကြား သိခဲ့ရတဲ့ မိသားစုတွေရဲ့ ဘဝအခြေအနေ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး အခြေအနေတွေနဲ့ပတ်သက်လို့ ဝေမျှပေးပါအုံး။
ဖာသာရ်။ ။ အတွေ့အကြုံတွေက အများကြီးပဲ။ တစ်ခါတလေကျတော့ အဆင်ပြေ တာရှိသလို အဆင်မပြေတာလည်းရှိတယ်။ ကျောင်းထိုင်ဘုန်းတော်ကြီး တွေကိုလည်း နားလည်ပေးပါတယ်။ တစ်ခါတလေ နားလည်မှုအခက်ခဲလေးတွေ မဆိုသလောက် လေးတွေတော့ရှိတတ်တာပေါ့။ ပြဿနာအကြီးအကျယ်ကြီးတော့လည်းမရှိဘူး။ ကျောင်းထိုင်ဘုန်းတော်ကြီးတွေက ဝိုင်းပြီးအားဖြည့်ကူညီပေးကြပါတယ်။ သူတို့မှ မပါရင် သူတို့မှ ခွင့်မပြုရင် သာသနာတွေက သွားလို့လာလို့ အဆင်မပြေဘူးပေါ့။ လူစုတဲ့အခါမှာလည်း သူ့လူနဲ့သူပိုင်တာ ကိုယ်က ပိုင်တာမဟုတ်ဘူး။ တစ်ခါတလေ ကျတော့ ဘာသာတူတွေဘက်ကလည်း တနင်္ဂနွေနေ့တောင်မှ တစ်ခါတလေကျရင် အချိန်မပေးနိုင်ကြဘူး။ လယ်ကွင်းထဲရောက်သူကရောက်၊ ခြံထဲရောက်သူကရောက် လူစုရတာခက်တဲ့အခါတွေရှိတော့ တစ်ခါတလေကျတော့ စိတ်ညစ်တာတော့ရှိတာပေါ့။

ဘာသာတူတွေကတော့ လူမှုရေးကတော့ ကောင်းကြတယ်။ ဘုန်းကြီးဆိုလည်း ကောင်း ကောင်းမွန်မွန်ဆက်ဆံကြတယ်။ အချင်းချင်းဆက်ဆံရေးမှာလည်း ဘာမှပြဿနာမရှိ ကြဘူး။ တို့ဘာသာတူတွေကတော့ အေးအေးချမ်းချမ်းပဲနေတတ်တဲ့ သဘော တော့ရှိ ကြတာပေါ့။ နိုင်ငံရေးမှာလည်း အတိုက်အခိုက်တွေ မရှိကြဘူး။

စီးပွားရေးကတော့ ပြောနေစရာမလိုတော့ဘူး။ ကိုဗစ်ဖြစ်တုန်းကလည်း အသည်းအသန် စားရမဲ့သောက်ရမဲ့သူတွေတစ်ချို့ဖြစ်တယ်။ အခု တိုင်းရေးပြည်ရေးအခြေ အနေမှာ လည်း ပိုဆိုးသွားတယ်။ စီးပွားရေးကတော့ ကြပ်တည်းနေကြတယ်။

ပညာရေးဘက်မှာဆိုရင် တို့ဘာသာတူတွေရဲ့ ပညာရေးကတော့ အားနည်းတာ၊ ပညာ တတ်တွေ နည်းနေတာကိုတော့ သတိပြုမိတယ်။
ကျန်းမာရေးကတော့ စီးပွားရေးမှမကောင်းတော့ မကျန်းမမာဖြစ်ရင် ကုဖို့ ပိုက်စံမရှိ တော့ ဒုက္ခပိုရောက်ကြတယ်။ ဘာသာတူတွေအများကြီးပဲပေါ့။ တစ်ခါတလေကျတော့ ကိုယ်ကကူညီပေးချင်ပေမဲ့လည်း မကူညီနိုင်လို့ စိတ်မကောင်းဖြစ်ရတာရှိတယ်။

ဧရာအလင်း။ ။ မိသားစုရေးရာအတွက် လုပ်ဆောင်ရတဲ့အခါမှာ ဘာအခက် အခဲတွေ စိန်ခေါ်မှုတွေကို ကြုံတွေ့ရလဲ။ အဲဒီအခက်အခဲစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်လဲ။

ဖာသာရ်။ ။ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်လည်းဆိုတော့ ဘုရားအပေါ်မှာ ယုံကြည်စိတ်နဲ့ ဇွဲကတော့ရှိရတာပေါ့။ ဘုရားအပေါ်မှာ ယုံကြည်ခြင်းအပြည့်ထား ဘုရားကိုလည်းအားကိုး ကိုယ်ကိုယ်၌ကလည်း ဇွဲနပဲနဲ့ ကြိုးစားပြီးတော့ ကျော်ဖြတ် ရတာပေါ့။ ကိုယ့်ဘဝမှာ ပညာတော်တာတော့မဟုတ်ဘူး။ ဇွဲ ကတော့ အပြည့်ရှိတယ်။ မရရင် မရမချင်း၊ မပြီးရင် မပြီးမချင်း လုပ်တတ်တဲ့ ဇွဲတော့ရှိတယ်။ အဲဒီ ဇွဲနဲ့ ယုံကြည် အားကိုးခြင်းနဲ့ ကျော်ဖြတ်ရပါတယ်။

ဧရာအလင်း။ ။ စီးပွားရေး၊လူမှုရေး၊ဘာသာရေး၊ ပညာရေးအခက်အခဲကြုံတွေ့ နေရတဲ့ ဘာသာတူမိသားစုတွေကို အားပေးစကားလေးမျှဝေပေးပါအုံး။

ဖာသာရ်။ ။ ဘာသာတူတွေကိုလည်းပဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ပတ် သက်လို့ ဘာပြောချင်လည်းဆိုတော့ ယုံလည်းယုံ၊ ခုန်လည်းခုန်။ ယုံရုံတစ်ခုတည်းနဲ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်လည်းကြိုးစာ ဘုရားကိုလည်းအမြဲတမ်းဘဝကို ပုံအပ်ပြီး ဘုရားနဲ့ပေါင်းစပ်တတ်တဲ့ အလေ့အကျင့်လေးတွေကိုမွေးမယ်ဆိုရင်တော့ ဘုရားက ပစ်မထားပါဘူး။ ပြောချင်တာကတော့ ဒုက္ခရောက်လေ ဘုရားနဲ့ဝေးလေ။ ဘုရားနဲ့ဝေးလေ ဖြေဆည်ရာမရလေ။ မယုံရင်စောင့်ကြည့်နေပေါ့။ ဒုက္ခရောက်လေ ဘုရားနဲ့နီးလေ ဘုရားနဲ့နီးလေ နှစ်သိမ့်မှုရလေ။ ခွန်အားရလေ။ ဒီလိုပဲ အားပေးစကား ပြောချင်ပါတယ်။

အင်တာဗျူးဆောင်းပါးတွင်ပါရှိသော အာပေါ်များသည် ဖာသာရ် ရိချက်တစ်ပါးတည်း ရဲ့ အာပေါ်များသာ ဖြစ်ပါသည်။ ဧရာအလင်းဂျာနယ်ရဲ့ အာပေါ် မပါကြောင်းကို အသိ ပေးပါရစေ။ မိသားစုရေးရာကိစ္စ အထူးသဖြင့် လက်ထပ်ထိမ်းမြှားခြင်း ကိစ္စများနဲ့ ပတ် သက်လို့ မေးမြန်းလိုတာရှိရင် ချက်ဘောက်က တစ်ဆင့် စာရေးမေးမြန်းနိုင်ပါတယ်။



2022-11-23 04:45:19