ရှင်ယောဟန် ၁၄း ၂၇-၃၁
၁၇ မေလ ၂၀၂၂
ချစ်လှစွာသောညီအစ်ကို မောင်နှမအပေါင်းတို့..
ဒီကနေ့ ဧဝံဂေလိကျမ်းမှာ ကျန်ုပ်တို့ကို အဓိက သခင်ဘုရားမှာကြားတဲ့အချက်ကတော့ ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါထားပေး၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏ဆိုတဲ့ စကားလေးဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းစကားကို အင်္ဂလိပ်လိုတော့ Peace လို့ခေါ်ပါတယ်။ မြန်မာလိုပြန်မယ်ဆိုရင် ငြိမ်းချမ်းခြင်းလို့ပြောလို့ရသလို ငြိမ်းချမ်းသာယာခြင်း၊ ငြိမ်သက်ခြင်းစသဖြင့် အမျိုးမျိုးဘာသာပြန်လို့ ရမယ်လို့လည်း ယူဆပါတယ်။ ဘာကြောင်းလည်းဆိုတော့ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းဟာ ဒီလောကမှာ ရှိတဲ့ လူတွေပေးတဲ့ ငြိမ်းချမ်းခြင်းနဲ့ မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ကျန်ုပ်တို့တွေ မြန်မာနိုင်ငံမှာလည်း ငြိမ်းချမ်းခြင်းနဲ့ပတ်သက်ပြီးတဲ့နောက် လူတွေအကြိမ်ကြိမ်လုပ်ဆောင်နေခဲ့ကြပါတယ်။ နိုင်ငံတော်ခေါင်းဆောင်တွေ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ငြိမ်းချမ်းအတွက် သူတို့ဆွေးနွေးတဲ့အခါတွေများစွာရှိခဲ့ပါတယ်။
ဒါဆိုရင် ဒီလောကလူသား ကျန်ုပ်တို့တတွေပြောနေတဲ့ ငြိမ်းချမ်းခြင်းဆိုတာက ဘာအဓိပ္ပာယ်လဲ? သခင်ခရစ်တော်ပေးခဲ့တဲ့ ငြိမ်းချမ်းခြင်းကကောဘာလဲ ဒီနှစ်ခုကို ကျန်ုပ်တို့ ကွဲကွဲပြားပြားသိကြရမှာဖြစ်ပါတယ်။
ဒီလောကလူသားကျန်ုပ်တို့တတွေ အချင်းချင်းပြောနေတဲ့ ငြိမ်းချမ်းခြင်းဆိုတဲ့အရာက တိုက်ခိုက်တာတွေမရှိတေ့ပဲနဲ့ စစ်ပွဲတွေမရှိတော့ခြင်းကို ငြိမ်းချမ်းခြင်းလို့ ပြောတဲ့သဘောရှိပါတယ်။
တကယ်တော့ သခင်ခရစ်တော်ပြောတဲ့ ငြိမ်းချမ်းခြင်းဟာ အဲဒီလက်နက်ကိုင် တိုက်ခိုက်တာတွေမရှိတော့ဘူး စစ်ပွဲတွေမရှိတော့ဘူး တစ်ယောက်နဲ့တစ်ယောက်ခိုက်ရန်မဖြစ်တော့လို့ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးအရာထက် ပိုပြီးတဲ့နောက် လေးနက်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကို ဒီကနေ့ ကျန်ုပ်တို့ သိကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ သခင်ခရစ်တော်က “ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါပေး၏။ ဤလောက ကပေးသကဲ့သို့ ငါပေးသည်မဟုတ်” ဆိုပြီးတဲ့နောက် သခင်ဘုရားက မိန့်ကြားခဲ့တာဖြစ်ပါတယ်။ ဒီလောက ကပေးတဲ့ ငြိမ်းချမ်းခြင်းနဲ့ ဘုရားသခင်ပေးတဲ့ ငြိမ်းချမ်းခြင်းက မတူပါဘူး။ ဘုရားသခင်ပေးတဲ့ငြိမ်းချမ်းခြင်းက ဒုက္ခတွေ သုက္ခတွေ ပြဿနာတွေရှိနေအုံးတောင်မှ အဲဒီ ဒုက္ခပြဿနာတွေကြားထဲမှာ စိတ်နှလုံးငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တည်ကြည်လေးနက်စွာ နေထိုင်ဖြတ်ကျော်နိုင်ခြင်းကို ဆိုလိုပါတယ်။ ဘုရားသခင်က မိမိရဲ့ငြိမ်းချမ်းခြင်းကို မိမိကိုယုံကြည်သူအားလုံး မိမိရဲ့ နောက်လိုက်တွေအားလုံးကို ပေးသနာတော်မူပါတယ်။
တမန်တော်ဝတ္ထု ၇း ၅၉-၆၀ ကို ပြန်ပြီးဖတ်ကြည့်မယ်ဆိုရင် ပထမဦးဆုံးသခင်ခရစ်တော်အတွက်အသက်အသေခံခဲ့တဲ့ ပထမဦးဆုံးသက်သေတော် စိန့်စတီးဗင်းရဲ့ အသတ်ခံရခြင်းအကြောင်းကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ စန့်စတီးဗင်းကို လူတွေက သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ကြောက်ခဲတွေကိုင်ပြီးတဲ့နောက် သူ့ကို သတ်ဖို့ပြေးလာကြပါတယ်။ လူသားတစ်ဦးအနေနဲ့ စတီးဗင်းဟာကြောက်ရွံ့နေမှာပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သူ့ကို သတ်ကြတော့မှာပဲဖြစ်ပါတယ်။ လူတွေရဲ့ မုန်းတီးခြင်းခံရခြင်းနဲ့ လူတွေရဲ့ သတ်လိုခြင်းခံရခြင်းဆိုတဲ့ ခံစားချက်တောင်မှ တော်တော်ကြီးကို ထိခိုက်တဲ့ခံစားချက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စတီးဗင်းတွေ့ကြုံခဲ့ရတာက သူ့ကိုသတ်ကြတော့မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ သူကြောက်ရွံ့မှုတော့ရှိမှာပါပဲ။ အဲလိုအခြေအနေမှာ စတေဖာနူးက (စတီးဗင်း) သူဘုရားသခင်ကို ဆုတောင်းနေခဲ့ပါတယ်။ “အိုယေဇူးသခင် ကျန်ုပ်ရဲ့ ဝိညာဉ်ကို သိမ်းတော်မူပါ” ဆိုပြီးတဲ့နောက် ဆုတောင်းခဲ့ပါတယ်။ သူ့အနေနဲ့ ဘာမှလက်တုန့်ပြန်တာကို မလုပ်ခဲ့ပါဘူး။ လူတွေကိုအမုန်းစကားလည်း မိုခဲ့သလို အပြစ်လည်းမတင်ခဲ့ဘူး။ ဒူးထောက်ပြီးတော့ သူဆက်ပြီးပြောလေ့ရှိတဲ့စကားလေးရှိတယ်။ “အိုအဖဘုရား သူတို့ပြုတဲ့အပြစ်ကို မှတ်တော်မမူပါနှင့်” ဆိုပြီး ကျယ်လောင်စွာပြောဆိုပြီးတဲ့နောက် အဲဒီကျောက်ခဲတွေနဲ့ ပေါက်သတ်တဲ့ ဒဏ်ရာတွေနဲ့ပဲ လဲကျပြီးသေဆုံးသွားတယ်ဆိုပြီးတဲ့နောက် ဖော်ပြထားပါတယ်။ စိန့်စတီးဗင်းဟာ သူ့ကို သတ်တဲ့လူတွေ သူတို့ပစ်ခဲ့တဲ့ ကျေက်ခဲတွေရဲ့ ထိခိုက်တဲ့ဒဏ်ရာတွေမှာ နာကျင်ခဲ့ပေမဲ့လို့ ငြိမ်သက်စွာဖြတ်ကျော်နိုင်ခဲ့တယ်။ ငြိမ်းချမ်းစွာဖြတ်ကျော်နိုင်ခဲ့တယ်။ ဒီအရာတွေကို သူခွင့်လွှတ်ခြင်းနဲ့ သူအနိုင်ယူခဲ့တယ်။ ဒါဟာသခင်ခရစ်တော်ပေးတဲ့ငြိမ်းချမ်းခြင်းဖြစ်တယ်။ သခင်ခရစ်တော်ပေးတဲ့ငြိမ်ချမ်းခြင်းက ဒုက္ခပြဿနာတွေနဲ့ မတရားမှုတွေကြားမှာတောင်မှ ငြိမ်းချမ်းစွာ၊ ငြိမ်သက်စွား ခွင့်လွှတ်ခြင်းနဲ့ ဖြတ်သန်းနိုင်ခြင်းဖြစ်ပါတယ်။ ဒီငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်းကို ဘယ်သူကမှ သူ့စီက လုယူသွားလို့မရပါဘူး။ ဒါဟာယုံကြည်သူတွေအတွက် ဘုရားသခင်ရဲ့လမ်းတော်ကို လိုက်လျှောက်တဲ့သူတို့အတွက် ဘုရားသခင်ပေးသနားတဲ့ ငြိမ်းသာယာခြင်း၊ ငြိမ်သက်ခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းခြင်းဆိုတဲ့အရာဟာ စိတ်နှလုံးရဲ့ ငြမ်သက်ခြင်းအမှန်ပဲဖြစ်ပါတယ်။ စိတ်မှာ ငြိမ်းချမ်းငြိမ်သက်နေတယ်။ ရိုးရှင်းတဲ့ စိတ်နှလုံးသားကို ပိုင်ဆိုင်တယ်။ အဲဒီစိတ်နှလုံးသားမှာ အချစ်ရဲ့ နှေင်ကြိုးတွေရှိနေပြီးတဲ့နောက် ပရိယတ္တိနဲ့ ဖွဲ့တဲ့ စိတ်နှလုံးသားတွေလည်း ရှိနေပါတယ်။ အဲဒီစစ်မှန်တဲ့ငြိမ်းချမ်းခြင်းဟာ အမုန်းတရားတွေကိုလည်း ဖယ်ရှားပေးတယ်။ စစ်ပြေငြိမ်းခြင်းကိုလည်း ပေးပါတယ်။ အမျက်ဒေါသတွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ မာနတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နှိမ့်ချမှုကို ချစ်တတ်လာစေတယ်။ ကွဲလွဲမှုတွေကိုလည်း ပြေလျော့လာစေပြီးတဲ့နောက် ရန်သူများကို သဘောတူညီမှုရရှိဖို့ ပြေငြိမ်းကြဖို့ရန်အတွက်လည်း ကူညီပေးတဲ့ငြိမ်းချမ်းခြင်းဖြစ်တယ်။ ဒါဟာ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းဖြစ်ပါတယ်။
စစ်မှန်တဲ့ငြိမ်းချမ်းခြင်းမှာ သူတစ်ပါးပိုင်ဆိုင်တဲ့အရာကို မရှာပဲ မည်သည့်အရာကိုမျှကိုယ်ပိုင်အဖြစ် မမှတ်ယူတတ်ပါဘူး။ ဘုရားသခင်ပေးတဲ့ ငြိမ်းချမ်းသာယာြခင်းက လူတွေကို ချစ်တတ်အောင်သင်ပေးပါတယ်။ ဒါကြောင့်မို့ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းသာယာခြင်း ကျန်ုပ်တို့တွေမှာ အစဉ်အမြဲရှိနေဖို့ ကျန်ုပ်တို့ ကြိုးစားကြရမယ်။ ကျေးဇူးတော်တောင်ခံကြရမှာလည်းဖြစ်ပါတယ်။
ဘုရားသခင်ပေးတဲ့ငြိမ်းချမ်းသာယာခြင်းဆိုတာက ဘုရားသခင်ထံက ကျန်ုပ်တို့ကို ချစ်တဲ့အတွက်ကြောင့် ပေးတဲ့ချစ်လက်ဆောင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆုကျေးဇူးကို ရရှိဖို့က ကျန်ုပ်တို့ကိုယ်တိုင်ကြိုးစားအားထုတ်မှ ရနိုင်တဲ့အရာမဟုတ်ပဲနဲ့ ဘုရားသခင်ပေးသနားစွန့်ကြဲမှသာ ရရှိနိုင်တဲ့ကျေးဇူးတော်ဖြစ်တဲ့အတွက်ကြောင့် ဘုရားသခင်ထံမှာ ငြိမ်းချမ်းသာယာခြင်းဆုကျေးဇူးပေးပါလို့ တောင်းခံကြရအောင်။
ကျန်ုပ်တို့ရဲ့ ငြိမ်းချမ်းခြင်းတွေနဲ့ ကင်းဝေးနေတဲ့ ကမ္ဘာမြေကြီးမှာ ငြိမ်းချမ်းသာယာခြင်းရှိလာဖို့ အထူးသဖြင့် နိုင်ငံရေး ပဠိပက္ခများစွာ၊ လူမှုရေး ပဠိပက္ခများစွာနဲ့ ငြိမ်းချမ်းမှုကင်းမဲ့နေတဲ့ ငြိမ်သက်မှုကင်းမဲ့နေတဲ့ ကျန်ုပ်တို့ရဲ့ နိုင်ငံအပေါ်မှာ ငြိမ်းချမ်းသာယာခြင်းဆုကျေးဇူးကို အမြန်ပေးသနားပါလို့ ဘုရားသခင်ထံမှာ တောင်းလျှောက်အသနားခံရင်း ဆက်လက်၍ကြိုးစားကြပါစို့။ ဘုရားသခင်၌ ယုံကြည်အားကိုးလျှက် ခိုလှိုကြပါစို့။
ဖာသာရ် ဘောစကိုစောလားထူး