ဒီကနေ့ဧဝံဂေလိကျမ်းစာထဲမှာသခင်ယေဇူးကသူ့ရဲ့တပည့်တော်ကြီး၁၂ပါးကိုစေလွှတ်တဲ့အကြောင်းကိုကြားကြရတယ်။စေလွှတ်တဲ့အခါမှာလည်းဒီအတိုင်းစေလွှတ်လိုက်တာမဟုတ်ပဲနဲ့အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်သော၊ ညစ်ညူးသောနတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်အာဏာကိုပေးပြီး စေလွှတ်လိုက်တယ်။ သခင်ယေဇူးက သူ့တပည့်တော်တွေကို ကုသပိုင်ခွင့်၊ နှင်ထုတ်ပိုင်ခွင့်အာဏာတွေကိုပဲ ပေးပြီးစေလွှတ်တယ်ဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ ရွှေ၊ငွေ၊ရတနာတွေကို ပေးပြီး မစေလွှတ်ခဲ့တာလဲ။ သိချင်ခဲ့တယ်။ တကယ်တမ်းတရားသဘောနဲ့စဉ်းစားသုံးသပ်ကြည့်တဲ့အခါကျတော့ ရွှေငွေရတနာတွေဆိုတာ လောကစည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာမှုတွေပဲဖြစ်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ချမ်းသာမှုတွေသာဖြစ်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာမှုတွေတော့မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုရင် ကျွန်ုပ်တို့သိကြတဲ့အတိုင်း ရွှေငွေရတနာတွေရှိလာရင် အခိုးခံရမလား၊ဓားပြအတိုက်ခံရမလား၊အလုခံရမလားစိတ်ပူပင်နေကြရတယ်။အခုခေတ်အခြေအနေနဲ့ဆိုပိုတောင်ဆိုးသေးတယ်။ကိုယ့်ပိုက်ဆံတောင်ကိုယ်ပြန်ထုတ်ရခက်လို့စိတ်ညစ်တဲ့သူတွေတောင်ရှိတယ်။သတင်းတွေကနေတဆင့်ကြားခဲ့ဖူးတာကရွှေငွေရတနာပိုင်ဆိုင်တဲ့သူဌေးမိသားစုအသတ်ခံရတာတွေတောင်ရှိတယ်။ စိတ်မချမ်းသာစရာတွေပါပဲ။
ဒီတော့ သခင်ယေဇူးက သူ့တပည့်တွေကို ခိုးယူ၊ လုယူ၊ဓားပြတိုက်ယူလို့ရတဲ့ ရွှေငွေရတနာတွေကို မပေးပဲနဲ့ ခိုးယူလို့မရ၊ လုယူလို့မရ၊ ဓားပြတိုက်ယူလို့မရတဲ့ အခွင့်အာဏာတွေကို ပေးခဲ့တယ်။ မြင်နိုင်တဲ့အရာတွေကို မပေးပဲ မမြင်နိုင်တဲ့အရာတွေကိုပေးလိုက်တယ်။ ဒီအရာတွေက အထက်ကပြောခဲ့တဲ့ အနားရောဂါအမျိုးမျိုးကို ကုသပျောက်ကင်းစေနိုင်သော၊ နတ်ဆိုးနတ်မိစ္စာတွေကို မောင်းထုတ်နိုင်သော အခွင့်အာဏာတွေပဲဖြစ်ပါတယ်။
သခင်ယေဇူးစီကအခွင့်အာဏာတွေကိုရခဲ့တဲ့တပည့်တော်ကြီးတွေဟာသူတို့ရဲ့အခွင့်အာဏာကိုအလွဲသုံးစား မလုပ်သလို တစ်ပါးသူအပေါ်နိုင်ထက်စီးနှင်းလုပ်တာာမျိုးတွေလည်းမရှိကြဘူး။ သူတို့ရရှိခဲ့တဲ့အခွင့်အာဏာက လူတွေကို အစေခံခြင်းဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော်အကြောင်းကို ဟောပြောသက်သေခံဖို့သာဖြစ်တယ်။
“သင်တို့သွားကြစဉ် ကောင်းကင် နိုင်ငံတော် သည် တည်လုနီးပြီဟု ဟောပြော ကြလော့” ဆိုတဲ့အချက်ကို ကြည့်ခြင်းအားဖြင့်သိနိုင်တယ်။ဟောပြောဖို့အခွင့်အာဏာတွေကိုပေးလိုက်တာဖြစ်တယ်။ဟောက်စား၊ချောက်စား၊မြောက်စားဖို့ပေးလိုက်တာမဟုတ်သလိုချိန်းခြောက်ဟိန်းဟောက်ဖို့ပေးလိုက်တာလည်းမဟုတ်ဘူး။ဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းနဲ့ဧဝံဂေလိသတင်းကောင်းတွေကိုဟောပြောဖို့ပေးလိုက်တာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောရရင် လူတွေကို ချစ်ခြင်း၊ဝမ်းမြောက်ပျော်ရွှင်ခြင်းတွေနဲ့ အစေခံကြဖို့ပဲဖြစ်တယ်။ ဟောပြောသက်သေခံဖို့ဖြစ်တယ်။
ခက်တာက လောကမှာ ဘုရားနဲ့အများက လုပ်ပိုင်ခွင့်အာဏာကို မပေးထားပဲ ကိုယ့်ဟာကို အခွင့်အာဏာတွေကို ယူထားပြီးအများပြည်သူစိတ်မချမ်းသာစရာဖြစ်အောင်၊ဒုက္ခရောက်အောင်လုပ်နေတဲ့ဘနဖူးသိုက်တူးကြတဲ့လူတွေရှိနေခြင်းဟာအင်မတန်မှဝမ်းနည်းဖို့ကောင်းပါတယ်။ အာဏာကိုအလွဲသုံးစားလုပ်ပြီး နိုင်ထက်စီးနင်းလုပ်နေတာဟာ စိတ်ပျက်စရာ၊ ရွံစရာကောင်းပါတယ်။ သူတို့တတွေအကျင့်ပြောင်းလဲဖို့ဆုတောင်းပေးကြပါစို့။ အာဏာပါဝါသည် ချိန်းခြောက်၊ ဟိန်းဟောက်၊ အနိုင်ကျင့်စိုးမိုးဖို့ မဟုတ်ပဲ အစေခံဖို့ဆိုတာကို သိလာပြီး အများကောင်းကျိုးချမ်းသာအတွက် ပိုမိုလုပ်ဆောင်နိုင်သော သူများဖြစ်လာအောင် ဆက်လက် မေတ္တာပို့ ဆုတောင်းပေးကြပါစို့။ အယောက်စီတိုင်း ဘုရားရှင်ကောင်းချီးမင်္ဂလာများရရှိခံစားကြရလျှက် ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေ။ အာမင်။