Pathein Catholic Diocese Untitled Document
Untitled Document
ချစ်ခြင်းမေတ္တာ

“ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။” 

ဒီစကားလေးတစ်ခွန်းကို ထောက်ရှုကြည့်တဲ့အခါမှာတော့ ဘုရားက ကျန်ုပ်တို့ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေချစ်နေတယ်ဆိုတာကို ဖော်ပြခြင်းဖြစ်တဲ့လို့ ထောက်ရှုမိပါတယ်။ သင်တို့ကောင်းမှ သင်တို့ကို ငါချစ်မယ်။ သင်တို့မကောင်းရင် မချစ်နိုင်ဘူးလို့ ချွင်းချက်ထားတာကိုမတွေ့ရပါဘူး။ ဒီထက်ပိုသေချာတာက “ဘုရားသခင်သည် ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ် ၌ မိုးကိုရွာစေတော်မူ၏” ရှင်မာတေဦး ၅း ၄၅ ကျမ်းချက်က သက်သေပါပဲ။

ဘုရားသခင်က အပြစ်ကိုမုန်းပေမဲ့ အပြစ်သားတွေကိုတော့ ချစ်တယ်၊ သနားတယ်၊ စိတ်ရှည်စွာနဲ့စောင့်ဆိုင်းပေးတယ်။ သူကကျန်ုပ်တို့ကိုချစ်သလို ကျန်ုပ်တို့တတွေကိုလည်းပဲ အချင်းချင်းချစ်ကြဖို့ ပညတ်ထားပါတယ်။ အချင်းချင်းကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ချစ်ကြရမှာပဲ။ အချင်းချင်းချစ်ဖို့ ခရစ်တော်က ကျန်ုပ်တို့ကို မိန့်မြွက်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် ဒီအချင်းချင်းကပဲ ကိုယ့်ကို ကောင်းကျိုးတွေပြုတတ်သလို ဆိုးကျိုးတွေလည်း ပြုတတ်ခြင်းကြောင့်လို့ ထောက်ရှုမိပါတယ်။ ကောင်းတဲ့ အချင်းချင်းနဲ့တွေ့ရင်တော့ ကောင်းတာစံစားရပြီး မကောင်းတဲ့အချင်းချင်းနဲ့တွေ့ရင်တော့ မကောင်းတာခံစားရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အချင်းချင်းချစ်ကြရမှာပဲ။ ချစ်နိုင်ဖို့လည်းကြိုးစားအားထုတ်သွားကြရမှာပဲ။ အချင်းချင်းလို့ပြောတဲ့အခါမှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ကိုယ့်ရဲ့မိသားစုဝင်အချင်းချင်း၊ ညီကိုမောင်နှမအချင်းချင်းတွေပဲဖြစ်ပါတယ်။

ကျန်ုပ်တို့နဲ့ ရင်းနှီးကျမ်းဝင်နေတဲ့ ရှင်ပေါလူးရဲ့ ဆုံးမဩဝါဒစကားကိုအတူတကွ ကြားနာကြပါအောင်…

 ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ရှင်ပေါ လူးက ဘယ်လို့အနက်ဓိပ္ပာယ်ဖွင့်ဆိုထားလည်းဆိုရင် “ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ။ ဝါကြွားခြင်းလည်းမရှိ။ ၄င်းသည် မာန်မာနမရှိသကဲ့သို့ ရိုင်းပျမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကို မရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်၊ ချစ်ခြင်းမေတ္တာသည်  မကောင်းသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ဝမ်းမြောက်တတ်၏။ ချစ်ခြင်းမေတ္တာသည် အရာရာကို ခံထမ်းနိုင်၏။ အရာအားလုံးကို မျှော်လင့်၏။ အရာအားလုံးကိုလည်း ကြံ့ကြံ့ခံနိုင်၏။ ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ”လို့ ကောရိန္တု ပထမစောင် ၁၃း ၄-၈ က မှာ မြွက်ဆိုထားပါတယ်။ 

အယောက်စီတိုင်း ချစ်ခြင်းမေတ္တာများပြည့်ဝကြလျှက် ချစ်ခြင်းမေတ္တာ၌ ဝမ်းမြောက်ရွှင်းလန်းနိုင်ကြပါစေလို့မေတ္တာပို့ ဆုတောင်းပေးလိုက်ပါတယ်။ အာမင်။

ဖသာရ်ရေမွန်ကျော်အောင်

gospel reflection