Pathein Catholic Diocese Untitled Document
Untitled Document
အောင်မြင်ခြင်းထက် အကျိုးပြုခြင်း

“ယေဇူးက ငါသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် စပျစ်ဥယျာဉ်မှူးဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်၍ အသီးသီးသော အကိုင်းအခက်ဟူသမျှတို့ကိုမူကား ပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်” လို့ ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာကြားကြရပါတယ်။

ဒီကျမ်းပိုဒ်ကို အခြေခံပြီးလိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့ ဘုရားက ကျန်ုပ်တို့ကို အောင်မြင်တဲ့ လူသားတွေ ဖြစ်ဖို့ထက်၊ အကျိုးပြုတဲ့လူသားတွေဖြစ်ဖို့ ဖိတ်ခေါ်နေခြင်းပဲဖြစ်ပါတယ်။ အောင်မြင်းခြင်းဆိုတာက မတည် မြဲပါဘူး။ ယခုအချိန်မှာ အောင်မြင်နေပေမဲ့ နှောင်တစ်ချိန်မှာ ရှုံးနှိမ့်ခြင်းတွေနဲ့ မကြုံရနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ကြဘူး။ အာမမခံနိုင်ကြဘူး။ ဒါပေမဲ့ လောကကြီးကတော့ အောင်မြင်ကြော်ကြားတဲ့သူတွေကိုတော့ အထင်ကြီးတတ်ကြတယ်။ ချီးမွမ်းဩဘာပေးတတ်ကြတယ်။ ရှုံးနှိပ်မှုတွေနဲ့ ကြုံရတဲ့အခါကျရင်တော့ ဝေဖန် ကဲ့ရဲ့ ပြစ်တင်ရှုပ်ချ တတ်ကြတယ်။ ဒါက လောကရဲ့ နိယာမလို့တောင်ပြောလို့ရပါတယ်။

ဒါ့ကြောင့် သမ္မာကျမ်းစာက ကျန်ုပ်တို့ကို အောင်မြင်ကြော်ကြားတဲ့လူသားတွေဖြစ်ဖို့ထက် ဘုရားအတွက်အများ အတွက် အကျိုးပြုတဲ့လူသားတွေဖြစ်ဖို့ကို ဆုံးမသွန်သင်နေခြင်းဖြစ်တယ်လို့ယုံကြည်ပါတယ်။ ဒီတော့ ကိုယ်က ဘယ်နေရာမှာပဲနေနေ၊ ဘယ်နေရာမှာပဲရောက်ရောက် ရှိတဲ့နေရာ, ရောက်တဲ့နေရာကနေ အကျိုးယုတ်တဲ့လုပ် ဆောင်ခြင်းတွေမလုပ်ပဲ အကျိုးပြုတဲ့လုပ်ဆောင်ခြင်းတွေလုပ်ခြင်းဟာ ဘုရားသခင်နှစ်သက် မြတ်နိုးတန်းဖိုး ထားတဲ့အရာကိုလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ လူသားအကျိုးပြုလုပ်ငန်းတွေများများလုပ်ဆောင်လေ ဘုရားနှစ်သက်လေလေပါပဲ။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အကျိုးပြုနေခြင်းမဖြစ်ရင်တောင်မှ ကိုယ်နေတဲ့ ကိုယ့်ကမ္ဘာလေးကို အကျိုးပြုနေဖို့လိုပါတယ်။ ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းက ကိုယ့်ရဲ့ ကမ္ဘာလေးပါပဲ။

ဘုရားအတွက်အများအတွက် အကျိုးပြုတဲ့အလုပ်တွေလုပ်နိုင်ဖို့အတွက်က ဘုရားနဲ့ပေါင်းစပ်ဖို့လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် သခင်ယေဇူးက တရားဒေသနာတော်ဟောပြောသွန်သင်ပြီး လူသားအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ သူ့ကို လူတွေက အသိအမှတ်ပြုလက်ခံကြတာရှိသလို လက်မခံပဲ ငြင်းဆန်ခဲ့ကြတာတွေလည်းရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ ကျန်ုပ်တို့တတွေလည်း ဘုရားအတွက် အများအတွက် အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်တဲ့အခါမှာ ကိုယ့်ကို လက်ခံတဲ့သူတွေရှိမှာဖြစ်သလို ကိုယ့်ကို လက်မခံပဲ ငြင်းဆန်ကြမဲ့လူတွေလည်း ရှိနေမှာ သေချာပါတယ်။

ဒါ့ကြောင့်လည်း ခရစ်တော်က “ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်ကိုယ့်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီး နိုင်ကြ” လို့ပြောထာပါတယ်။ အသီးသီးတဲ့ စပျစ်ခက်တွေဖြစ်ဖို့ စပျစ်ပင်နဲ့တည်နေဖို့လိုပါတယ်။ တကယ်တော့ သခင်ခရစ်တော်က စပျစ်ပင်ဖြစ်ပြီး ကျန်ုပ်တို့တတွက သူ့ရဲ့အကိုင်းအခက်တွေသာဖြစ်တဲ့လို့ ရည်ညွှန်းပြောဆိုနေခြင်းပဲဖြစ်ပါတယ်။

ဒီတော့ကိုယ်ရှိတဲ့နေရာ၊ ရောက်တဲ့နေရာမှာ ဘုရားအတွက် အများအတွက် အကျိုးပြုတဲ့လူသားတွေဖြစ်ဖို့ ခရစ်တော်၌တည်နေကြပါစို့။ ဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များ အယောက်စီတိုင်းရရှိခံစားကြရပြီး လူသားအကျိုးပြုလုပ်ငန်းတွေ များများလုပ်ဆောင်နိုင်ကြပါစေလို့ မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်။ အာမင်။

ဖာသာရ် ရေမွန်ကျောင်အောင်

 

gospel reflection