Pathein Catholic Diocese Untitled Document
Untitled Document
ယုံကြည် အစေခံ ဦမြဟန်ရဲ့ ဘဝနောက်ကြောင်း (အဆုံးပိုင်း)

ဆိုးသွမ်းတဲ့ ဖခင်ဖြစ်သူက မိသားစုတစ်ခုလုံးကို စွန့်ခွာထားခဲ့တဲ့အတွက် ဦးဂျိုးဇက်မြဟန်ဟာ ငယ်စဉ်ကလေးဘဝက မိဘနှစ်ပါးတကွဲတပြားဖြစ်ခဲ့ပြီး မိခင်နဲ့သာနေခဲ့ရတယ်လို့ ဇနီသည်ရဲ့ ပြောပြချက်အရ သိခဲ့ရပါတယ်။ ဘဝကမလှ ငယ်စဉ်က သူ့ဘဝပါပဲ။

မိခင်ဖြစ်သူဟာ သားသမီးငါးယောက်နဲ့ထွက်ပြေးကာ ရန်ကုန်မြို့ရှိ ဗီယက်နမ်နိုင်ငံသား ဘာသာတူမိသားစုအိမ်မှာ အလုပ်လုပ်ရင်း သားသမီးများကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မိခင်ဖြစ်သူဟာ သားသမီးငါးယောက်ကို ပုသိမ်မြို့မရမ်းချောင်းရှိ ဦးသက်ရှည်အိမ်မှာ လာရောက်ပို့ထားခဲ့ပါတယ်။ ဖာသာရ်ဂျွန်ဂါဗြီအဲလ် (နောင်ဝယ်ဆရာတော်ဖြစ်လာသူ) က ကက်သလစ်ခရစ်ယာန်မဟုတ်ခဲ့တဲ့ သူတို့ကိုခေါ် ပြီး ဘာသာ ထဲသွင်းကာ  စောင့်ရှောက်ခဲ့ပါတယ်။  အဲဒီကနေမှ ကြီးပြင်းလာကြကာ သူတို့တွေကျောင်းနေတုန်း ဆယ်ကျော်သက်အရွယ်မှာပဲ ဖာသာရ်ဂျွန်ဂါဗြီအဲလ်ကလည်း အခြားတစ်နေရာကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။  

ဖာသာရ်ဂျွန်ဂါဗြီအဲလ် မရမ်းချောင်းမှာနေခဲ့တဲ့တစ်လျှောက်လုံး ဘုန်းတော်ကြီးနဲ့အတူနေခဲ့ကြတဲ့ လူပျိုအပျိုအရွယ် သူတို့တတွေဟာ အမေရှိရာ ရန်ကုန်ကို ပြန်သွားခဲ့ကြပါတယ်။ ဦးဂျိုးဟာ ရန်ကုန်မှာ ဆိုင်ကားနင်းတဲ့အလုပ်နဲ့ ဝင်ငွေ ရှာခဲ့တယ်။ အဲဒီအချိန်ထိ အမေဖြစ်သူက ဗီယက်နမ် ကက်သလစ်ဘာသာဝင်မိသားစုအိမ်မှာ အလုပ်လုပ်ရင်း စီးပွားရေးကို ဖြည့်တင်းနေခဲ့ရတုန်းလို့ ဒေါ်ဒိုမီနီကာက ပြောပါတယ်။ ဗီယက်နမ်ဘာသာတူမိသားစုဟာ သူတို့နိုင်ငံမှာစစ်တွေဖြစ်တဲ့အခါကျ တော့အကုန်ပြန်ပြေးခဲ့ကြရတယ်။ သူတို့မပြန်ခင်မှာ သူတို့ စုထားပေးတဲ့ ငွေနဲ့ ဦးဂျိုးရယ်၊သူ့ရဲ့ညီအစ်ကိုမောင်နှမတွေရယ်၊သူ့မိခင်ရယ်နေဖို့ အိမ်မြေယာမြေ ဝယ်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ အမေဖြစ်သူရဲ့လုပ်ခလစာကို စုပြီးဝယ်ပေးခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ အမေဖြစ်သူကတော့ အချုပ်အလုပ်တွေ လုပ်ခဲ့ရတယ်။

ဦးဂျိုးဟာ ဆိုက်ကား နင်းတယ်၊ ကျောင်းတက်ရင်း သတင်းစာပို့တဲ့အလုပ်တွေ လုပ်ခဲ့ဖူးတယ်။ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်ဖြစ်ခဲ့တယ်။ အလုပ်လုပ်ရင်း ကျောင်းကို စိတ်မပါတော့ပဲ အလုပ်ဘက်ကိုသာ စိတ်ထက်သန်ခဲ့တာကြောင့် ၈ တန်းအထိသာ ကျောင်းနေခဲ့တယ်။ ပညာရေးကို ဆုံးခန်းတိုင် မဆည်းပူးခဲ့ပေမဲ့ ကားတော့ မောင်းတတ်ခဲ့တယ်လို့ ပြောပါတယ်။

ဖာသာရ်ဂျွန်ဂါဗြီအဲလ်ဟာ ဆရာတော်သိက္ခာခံယူပြီးလို့ ဆရာတော်ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ တပည့်သားရင်းလိုဖြစ်ခဲ့တဲ့ ဦးဂျိုးကို သူ့စီအလည်လာဖို့ ခေါ်ခဲ့တယ်။ ဘာအဝတ်မှ ယူမလာခိုင်းပဲ ကိုယ်တစ်ခုအဝတ်တစ်ထည်နဲ့သာ လာစေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးဂျိုးဟာ လိုင်းကားလေး မတော်ကတခေါက်ဆိုသလို ပြေးဆွဲတဲ့ အလုပ်လုပ်နေချိန်လည်းဖြစ်ပါတယ်။

ဆရာတော်ဂျွန်ဂါဗြီအဲလ်ရဲ့ ကားမောင်းသမားက သေရည်သေရက်သောက်တတ် စားတတ်တော့ စိတ်မချလို့ဆိုပြီး တပည့်သားရင်း ဦးဂျိုးကို ကားမောင်းစေခဲ့ပါတယ်။ ဒီလိုနဲ့ ဆရာတော်ဂျွန်ဂါဗြီအဲလ်ဟာ ဦးဂျိုးကို ပြန်မလွှတ်တော့ပဲ သူ့ရဲ့ ကားကိုမောင်းပေးဖို့ အပြီးခေါ်ထားလိုက်ပြီဖြစ်ကြောင်း ဦးဂျိုးရဲ့ မိခင်ကို အကြောင်းကြားခဲ့တယ်။ အဲဒီနေ့ကစပြီး ဦးဂျိုး စတင်ကားမောင်းပြီး အစေခံခဲ့ရတဲ့ ပထမဦးဆုံးသော ဆရာတော်ဟာ ဆရာတော်ဂျွန်ဂါဗြီအဲလ်ပဲဖြစ်ခဲ့ပါတယ်။ လုပ်ခလစာက တစ်လကို မြန်မာကျပ်ငွေ ၇၀၀ (ခုနစ်ရာကျပ်)သာရခဲ့ပါတယ်။ လစဉ် ဆန်၊ ဆီ၊ ဆားတွေကိုတော့ မိသားစုအတွက် အထေက်အပံ့အနေနဲ့ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဦးဂျိုးဟာ ဆရာတော်ကို ကားမောင်းပေးနေရင်း လေးနှစ်လောက်မှာ ဘဝရဲ့ ကံကြမ္မာက ဖန်လာတယ်လို့ဆိုရမလား။ သူဟာ မျှော်လင့်မထားတဲ့ လတစ်လရဲ့ နေ့တစ်နေ့မှာ အတိအကျပြောရရင် ဆရာတော်ဂျွန်ဂါဗြီအဲလ်ရဲ့  ဆရာတော်ပလ္လင်တင်ခြင်းပွဲမှာ  မန္တလေးသူ ဒေါ်ဒိုမီနီကာတင်သန်းနဲ့ ပုသိမ်မြို့မှာ ဆုံဆည်းခွင့်ရခဲ့ပါတယ်။ ပုသိမ်က ဘုန်းတော်ကြီးတစ်ပါးနဲ့ မန္တလေးက ဘုန်းတော်ကြီးတစ်ပါးတို့က မျှားနတ်မောင်လုပ်ပေးခဲ့ကြတဲ့အတွက် ဖူးစာမှာ ဦးစရာမလို ဆိုတဲ့အတိုင်း အကြောင်းဆက်ပေါင်းဖက်ခွင့်ရဖို့ အခွင့်အရေးကြုံလာခဲ့ရပါတယ်။

ဒေါ်ဒိုမီနီကာဆိုသူ လှပျိုဖြူကလည်း ဦးဂျိုးဇက်မြဟန်ကို မမြင်ဖူး၊ မသိခဲ့ဖူးသော်လည်း ဘဝမှာ အိမ်ထောင်ဖက်ဖို့ အကြောင်းဆက်ခွင့်ရလာရင် ဂျိူးဇက်ဆိုသူနဲ့ ပေါင်းဖက်ရပါလို၏လို့ စိတ်ထဲ အကျိတ်အခဲထားပြီး ဆုပန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဘုရားက ပေါင်းဖက်ပေးလိုက်ပုံများ လူပျိုစကား မဆိုရသော်ငြားလည်း  တစ်ဦးနဲ့တစ်ဦး စိတ်ကြည်နူး ကာ ဖြစ်လေရာဘဝ အတူရင်ဆိုင်ကြဖို့ ထိမ်းမြှားလက်ထပ်ကြမယ်လို့  ဆုံးဖြတ်လိုက်ကြပါလေရော။ အသက်အရွယ်က နှစ်ဦလုံး ၃၇ နှစ်တဲ့။ ဇရာကထောင်း အခါနှောင်းပြီလို့ ထင်ရသော်လည်း အတူမကွဲ လက်တွဲ့ ကာရယ် မရှိအတူ ရှိအတူ အေးအတူပူအမျှ၊ ဆင်းရဲချမ်းသာ၊ ကျန်းမာ ဖျားနာ တစ်သက်မကွာ ပေါင်းသင်းပါမည်လို့ ဘုရားရှေ့ အများရှေ့မှာ ကတိသစ္စာပြုကြကာ အိမ်ထောင်ခရီးတစ်ခု အစပြုခဲ့ကြပါတယ်။

  အိမ်ထောင်ပြုပြီး ၂ နှစ်မှာ သမီးကြီး ရှယ်လီဝင်းကို ရခဲ့ကြတယ်။ ၄ နှစ်ကြာပြီးတဲ့နောက် အသက် ၄၅ နှစ်အရွယ်မှာ သားငယ် ဩဂုတ်စတင်းဟန်သာကို ထပ်မံရရှိခဲ့ကြပါတယ်။ သမီးနဲ့သား နှစ်ဦးတည်းသာ ဘုရားကောင်းကြီးမင်္ဂလာ ရရှိခဲ့ကြတာပါ။

ဒီလိုနဲ့ ၁၉၉၄ ခုနှစ်အရောက်မှာတော့ ကျေးဇူးရှင်ဖခင်ကြီးသဖွယ် ချစ်ခင်လေးစား အားထားခဲ့ရတဲ့ အဖဆရာတော်ဂျွန်ဂါဗြီအဲလ် ပျံလွန်သွားခဲ့ပါတယ်။ ဆရာတော်ကြီးမရှိခဲ့တဲ့ ကာလတွေမှာ ဘုရားကို ယုံကြည်အားကိုးတတ်သူ ဦးဂျိုးဇက်မြဟန်ဟာ အလုပ်လက်မဲ့ ဖြစ်မသွားခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုရင် ဆရာတော်ကား မမောင်းရသော်ငြားလည်း စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းအကြီးအကဲ မာသာရ်ကြီးက သူ့ကို ကားမောင်းတဲ့အလုပ်ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျေးဇူး  ဘယ်အခါ ဝေးဖူးသည် ရှိပါသလော့။

၁၉၉၆ ခုနှစ်မှာတော့ ပုသိမ်ဂိုဏ်းအုပ်သာသနာအတွက် ဆရာတော်တစ်ပါးရောက်ရှိလာခဲ့ပါတယ်။ သူကတော့ ဆရာတော်ချားစ်မောင်ဘို (ယခုလက်ရှိ ရန်ကုန် ကာဒီနယ်) ပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီးချားစ်ဘို ပုသိမ်ဂိုဏ်းအုပ်သာသနာမှာ ၆ နှစ်တာ သာသနာပြုခဲ့စဉ်ကလည်း ဦးဂျိုးကပဲ ကားမောင်းပေးခဲ့တယ်လို့ သိရပါတယ်။ လစာအနေနဲ့ သုံးသောင်းကျပ် ရခဲ့ပါတယ်။ မိသားစု စားဖို့အတွက် ဆန်၊ ဆီ၊ ဆား အထောက်အပံ့တွေလည်း ရခဲ့တယ်။ ဘုန်းကြီး၊ ဆရာတော်တွေလို တစ်ဝမ်းတခါး ဆွမ်းစပါး မရခဲ့ပေမဲ့ ထမင်းငတ်ခဲ့တဲ့အချိန်တွေဆိုတာ မရှိခဲ့ဖူးလို့ ထပ်လောင်း ပြောပြခဲ့ပါတယ်။ ယုံကြည်အားကိုး ဆုတောင်းတတ်သူ ဘုရားကူ ဆိုတာ ပေါ်လွင်စေပါတယ်။

ဆရာတော်ကြီးချားစ်ဘိုဟာ ၂၀၀၃ ခုနှစ်မှာ ပုသိမ်ဂိုဏ်းအုပ်သာသနာကနေ ရန်ကုန် ဂိုဏ်းချုပ်သာသနာသို့ ပြောင်းရွှေ့သာသနာပြုရပါတယ်။ ယင်းဆရာတော်ကြီးပြောင်းသွားပြီးတဲ့နောက် ဆရာတော်ဂျွန်ဆိန်းဟှီဟာ ပုသိမ်ဂိုဏ်းအုပ်သာသနာရဲ့ ခြောက်ပါးမြောက် ဆရာတော်ဖြစ်လာခဲ့ပါ တယ်။ ဆရာတော်ဂျွန်ဆိန်းဟှီဟာဆိုရင် ပုသိမ်ဂိုဏ်းအုပ်သာသနာတော်ကို ၁၈ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့စဉ်မှာလည်း ညီအစ်ကိုမောင်နှမ ငါးယောက်ရှိပြီး တတိယမြောက်သားဖြစ်တဲ့ ဦးဂျိုးကပဲ ကား မောင်းပေးခဲ့ပါတယ်။ ဆရာတော်သုံးဆက်အနက် နောက်ဆုံးဆရာတော်လည်း ဖြစ်ခဲ့ပါတယ်။

ဆရာနဲ့တပည့် ညီချက်ကတော့ ဆရာတော်ကြီးဂျွန်ဆိန်းဟှီ ပျံလွန်အပြီး ခုနစ်ရက်မြောက်ခရီးနေ့မှာပဲ ဦးဂျိုးဇက်မြဟန်လည်း ဆရာတော်နည်းတူ ကိုဗစ်နဲ့ပဲ အသက် ၆၈ နှစ်မှာ ဆုံးပါးရှာခဲ့ပါတယ်။ ဆရာတော်ဆုံးပါးသတင်း အိမ်မှ ကြားသိရကာ ဝမ်းနည်းစိတ်မကောင်း ပက်လက်လျှောင်းလျှက် မခေါ်ပဲအရောက်လာ သေခြင်းတရားကြောင့်သာ အသက်ပျောက်ခဲ့ရပါတော့တယ်။ အများသူငှာ ကြည်စားပြောဆိုဖူးကြသည်မှာ ဦးဂျိုးဟာ ဆရာတော်ရောက်လေရာဘဝမှာ ကားမောင်းပေးဖို့ ဆရာတော်နောက်သို့ လိုက်သွားတာလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

ကျန်ရစ်သူ ဇနီးနဲ့သမီးတို့ဟာဆိုရင် ယုံကြည် အစေခံ ဦးမြဟန် သက်ရှိထင်ရှားရှိစဉ်ခါက  သာသနာမှ ဝယ်ယူချီးမြင့်ပေးထားတဲ့ အိမ်လေးတစ်လုံးမှာ ရှင်သန်လှုပ်ရှား ရုန်းကန်ကာ နေထိုင်လျှက်ရှိနေကြပါတယ်။ သားဖြစ်သူကတော့ ထိုင်း နိုင်ငံမှာ အလုပ်လုပ်လျှက်ရှိနေကြောင်း သိရပါတယ်။

ဇနီးသည်ထံမှ သိရသမျှ ကောက်နုတ်ရေးသား တင်ပြခြင်းသာဖြစ်ကြောင်း ထပ်လောင်း အသိပေးပါရစေ။ ဖတ်ရှုကြသူအပေါင်း ကိုယ်စိတ်နှဖြာကျန်းမာစေကြောင်း ဆုမွန်ကောင်းတောင်းပေးလျှက် အထူးအထူးကျေးဇူးတင်ခြင်းများစွာြဖင့်….

မန်းကျော်

 

၂၈.၇.၂၀၂၃

features